ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လူငယ် ကြယ်ပွင့်လေး လာမင်း ယာမယ်ကို ဖိအားတွေ မပေးကြဖို့ အကောင်းဆုံး တိုးတက်ခွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ယာမယ်ရဲ့ စပိန် တို့ဟာ ဒီကနေ့ ညမှာ နေးရှင်းလိဂ် ဗိုလ်လုပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်ကစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီဗိုလ်လုပွဲ မတိုင်ခင် အင်တာဗျူး တစ်ခုမှာ ရော်နယ်ဒိုက အခုလိုပဲ သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက “လာမင်း ယာမယ် တော်တော်လေး ကောင်းကောင်း လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ ပါရမီကို အကျိုးရှိအောင် အသုံးချနေပါတယ်။ ကောင်လေးကို ကြီးထွားခွင့်ပေးကြပါ။ သူ့ကို ဖိအားတွေ အများကြီး မပေးကြပါနဲ့။ သူ့ကို သူ့ဘာသာ နေခွင့်ပေးပြီး ကောင်းကောင်း ကြီးထွားခွင့်ပေးလိုက်ပါ။ ဖိအားတွေ လျှော့ချပေးကြပါ။ သူ့ရဲ့ ပါရမီက အားနည်းချက် မရှိပါဘူး။” လို့ ဆိုပါတယ်။

ပေါ်တူဂီရော စပိန်ပါ နေးရှင်းလိဂ် ချန်ပီယံဆုကို ၁ ကြိမ်စီ ဆွတ်ခူးထားနိုင်ကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် အခုပွဲမှာ အနိုင်ရတဲ့ အသင်းက ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်သာ အနိုင်ရ ဗိုလ်စွဲခဲ့မယ် ဆိုရင် တောင်ပံ ကစားသမားလေး ယာမယ် အနေနဲ့ ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) အတွက်လည်း အားသာချက် တစ်ခုကို ပိုင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်လွန်ဒေါဆု အတွက် ယာမယ်နဲ့ ပြင်သစ် တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီ တို့ အကြိတ်အနယ် ဖြစ်နေကြပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက သူ့အနေနဲ့ ဘယ်အချိန်မှာ အနားယူမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ဖွင့်ဟလာခဲ့ပါသေးတယ်။ “ကျွန်တော့် စိတ်ဓာတ်က နေ့စဉ်နဲ့ အမျှ နေထိုင်သွားဖိုပါပဲ။ ကစားဖို့ အတွက် နှစ်တွေ အများကြီး မကျန်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော် လက်ရှိအချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ ကျွန်တော် အနားယူမယ့်နေ့ကို သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော် ပျော်ရွှင်နေသလို ဒီနေရာမှာ ပျော်ရွှင်ဖို့ ပြီးတော့ ကျွန်တော် နှစ်သက်တဲ့နေ့ အထိ ဆက်လက် ကစားသွားဖို့ပဲ ရှိပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားသလောက်ပါပဲ။ ဖိတ်ခေါ်မှုတွေနဲ့ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ပေမယ့် စကားပြောဆိုမှုတွေ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရေတို ရေရှည်နဲ့ ရေရှည်အမြင်တွေကို ထည့်သွင်း စဉ်းစားရပါမယ်။” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လက်ရှိမှာ အသက် ၄၀ ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်ထိ ဂိုးတွေ သွင်းယူနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီ အတွက် အနိုင်ရစေမယ့် ဂိုးကို သွင်းယူပေးခဲ့သလို ကစားသမားဘဝ သွင်းဂိုး ၉၃၇ အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက လက်ရွေးစင် ကစားသမားဘဝ နိုင်ငံတကာ သွင်းဂိုး ၁၃၇ ဂိုး အထိ ရှိလာခဲ့သလို နေးရှင်းလိဂ်ရဲ့ ဂိုးအများဆုံး သွင်းတဲ့ ကစားသမား အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီတော့ ရော်နယ်ဒို အနေနဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ နောက်ထပ် တစ်ကြိမ် အောင်ပွဲခံပြီး စံချိန်တင် အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.