ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ ချဲလ်ဆီး တိုက်စစ် ကစားသမား ယာအို ဖီးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ အစောပိုင်းမှာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် အဲလ်နာဆာက ကြားဖြတ် ကြိုးပမ်းခဲ့ရာမှာတော့ ဆော်ဒီမြေကို ရောက်ရှိဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။
အဲလ်နာဆာဟာ ပေါ်တူဂီ ကစားသမား အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ + အပိုဆုကြေး ယူရို သန်း ၂၀ ဝန်းကျင် ပေးချေရမှာ ဖြစ်သလို တခြား အသင်းထံ ပြန်လည် ရောင်းချခဲ့ရင်လည်း အကျိုးအမြတ် များစွာ ထပ်ပေးရမယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။
ချဲလ်ဆီးဟာ အသက် ၂၅ နှစ် အရွယ် ယာအို ဖီးလစ် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီမှာ အငှားနဲ့ ခေါ်ယူခဲ့ပြီးတော့ ၂၀၂၄ နွေရာသီ မှာတော့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၃၁ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားကို ချဲလ်ဆီးက ၂၀၂၅ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်ဆီ အငှားချခဲ့ပြီး လက်ရှိမှာတော့ အဲ့လ်နာဆာဆီ ရောင်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယာအို ဖီးလစ်က လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်နဲ့ ဆေးစစ်ဖို့သာ ကျန်ရှိတော့ပြီး မကြာခင်မှာ အဲလ်နာဆာ ကစားသမား ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

အစောပိုင်းမှာ ပေါ်တူဂီ မီဒီယာတွေက ဘင်ဖီကာ အနေနဲ့ ယာအို ဖီးလစ်ကို ၅၀ ရာခိုင်နှုန်း ပူးတွဲ ပိုင်ဆိုင်ခွင့် ယူရို ၂၅ သန်း (ပေါင် ၂၁.၇ သန်း) နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။ ဒါ့အပြင် အပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ တစ်ပတ် အတွင်း အပြီးသတ်နိုင်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ရက်ပိုင်း အတွင်းမှာပဲ ယာအို ဖီးလစ်ရဲ့ လားရာက ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာအို ဖီးလစ်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဖြစ်တဲ့ ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့လိုကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့သူလည်း ဖြစ်ပါတယ်။
ဘင်ဖီကာ ဘက်ကလည်း ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူချင်ကြောင်း ဥက္ကဌ ရူအီ ကော်စတာ ကိုယ်တိုင်က ဝန်ခံထားခဲ့ပြီး သူတို့ အတွက် ကစားသမားရဲ့ လစာနှုန်းထားကသာ ပြဿနာ ရှိနေကြောင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ယာအို ဖီးလစ် အတွက် ကနဦး တောင်းဆိုဈေး ယူရို သန်း ၅၀ (ပေါင် ၄၃.၅ သန်း) သတ်မှတ်ထားခဲ့တာ ဖြစ်ပြီး ဒီနှုန်းထားကို အဲလ်နာဆာက ကနဦး ယူရို သန်း ၃၀ + အပိုဆုကြေး ယူရို သန်း ၂၀ ပုံစံနဲ့ ပေးချေကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က Golden Boy ဆုကို ဆွတ်ခူးခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဖီးလစ်က အဲဒီနောက်ပိုင်း ကတည်းက ပုံမှန် ခြေစွမ်းပြသဖို့ ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။ ဒီတော့ ယာအို ဖီးလစ် အနေနဲ့ သူ့ရဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲဖက် ကစားခွင့်ရမယ့် အဲလ်နာဆာမှာ ပျောက်ဆုံးနေတဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ကို ခန့်အပ်ထားပြီး ယာအို ဖီးလစ်နဲ့ အတူ တခြားသော အားရစရာ ခေါ်ယူမှုတွေ ဆက်လက် ပြုလုပ်ဖို့လည်း ရှိနေသေးကြောင်း သိရပါတယ်။ အဲလ်နာဆာဟာ နောက်ဆုံး ၅ နှစ် အတွင်း ဆော်ဒီ စူပါဖလား တစ်ကြိမ်နဲ့ အာရပ်ကလပ် ချန်ပီယံဖလား တစ်ကြိမ်သာ ရရှိထားခဲ့ပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.