မာတင် ဇူဘီမန်ဒီ ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် စပိန် ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ အတူ ဆုဖလားတွေ ရယူလိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အသက် ၂၆ နှစ် အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူဟာ မာတင် ဇူဘီမန်ဒီက လစ်ဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့ပြီး ဒီနွေရာသီမှ ရီးရဲလ်ဆိုစီဒက် ကနေ အာဆင်နယ်ကို ပေါင် ၅၅.၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ရာသီက ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က လစ်ဗာပူးလ်ဟာ ပြိုင်ဘက်တွေကို ကျော်ပြီး ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် ဇူဘီမန်ဒီက ရီးရဲလ်ဆိုစီဒက် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကြောင်းပြန်ခဲ့တာပါ။ ဒီလို ဆုံးဖြတ်ခဲ့ရတာနဲ့ ပတ်သတ်လို့ ဇူဘီမန်ဒီက သူ့ အနေနဲ့ မလွယ်ကူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရင်ဆုံး ဖြေရမယ့် မေးခွန်းက အသင်း ကနေ ထွက်ခွာချင်သလား ဆိုတာပါပဲ။ အဲဒီအချိန်က ထွက်ခွာဖို့ အချိန်မကျသေးပါဘူး။ ဆိုစီဒက်က ကျွန်တော့်ကို အခွင့်အရေးတွေ ပိုပေးနိုင်သေးတယ်။ ကျွန်တော်လည်း သင်ယူစရာတွေ အများကြီး ကျန်သေးတယ်လို့ ခံစားမိတဲ့ အတွက် ဆက်နေခဲ့တာပါ။ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ် ထင်ပါတယ်။” လို့ ဇူဘီမန်ဒီက ဆိုပါတယ်။
အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာသာ ရခဲ့ပြီး လာမယ့် ရာသီ မှာတော့ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဇူဘီမန်ဒီ အနေနဲ့ အာဆင်နယ်နဲ့ ပတ်သတ်ပြီး ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာကို သတင်းထောက်တွေက မေးမြန်းခဲ့ရာ မှာတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါသေးတယ်။ “အာဆင်နယ်နဲ့ အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီတွေ ကနေ သင်ခန်းစာယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီအချက်က ရာသီသစ်မှာ မျှော်လင့်ချက်တွေကို ပြည့်မြောက်စေမယ့် အဓိက အချက်တွေ ဖြစ်ပါတယ်။ ဘောလုံးမှာ အသေးစိတ်အချက်တွေက အဓိကကျတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာပေါ့။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူဘီမန်ဒီက အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ထိပ်တန်း နည်းပြ ဖြစ်ပြီး စပိန်သား နည်းပြကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း ဖွင့်ဟ ပြောကြားခဲ့ပါသေးတယ်။ ဇူဘီမန်ဒီကို အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ အဓိက စည်းရုံးနိုင်ခဲ့သူက နည်းပြ မီခဲလ် အာတေးတား ဖြစ်ပါတယ်။ အာတေးတားနဲ့ ဇူဘီမန်ဒီ တို့ဟာ စပိန် နိုင်ငံ ဘက်စကေး ဒေသမှာ မွေးဖွားသူတွေပါ။ အာတေးတားဟာ ဇူဘီမန်ဒီနဲ့ တိုက်ရိုက် ဖုန်းပြောဆိုခဲ့ပြီးနောက် အာဆင်နယ်တို့ ကစားသမားကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရှေ့နှစ် ကလည်း ဇူဘီမန်ဒီရဲ့ အသင်းဖော်ဟောင်း မီခေးလ် မာရင်နိုကို ခေါ်ယူနိုင်ခဲ့ပြီး ဆိုစီဒက်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ အသင်း ဖြစ်ပါတယ်။
နည်းပြ မီခဲလ် အာတေးတား ကလည်း ဇူဘီမန်ဒီနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားထားခဲ့ပါသေးတယ်။ အာတေးတားက “ဒါဟာ ရှည်လျားခဲ့ပါတယ်။ ရှည်လျားတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ (ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ကို ဆိုလို) သူဒီကို လာချင်ခဲ့ပေမယ့် သူ့မှာ ဆုံးဖြတ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါတယ်။ သတင်းကောင်း ကတော့ ဒီကလပ်က စိတ်လှုပ်ရှားစရာ ကောင်းတာပါပဲ။ လူတိုင်းက ဒီကို လာချင်ကြပါတယ်။ သူက တကယ့် အခွင့်အရေးကောင်း တော်တော်များများကို ချန်ထားပြီး ကျွန်တော်တို့ဆီကို လာခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.