တော့တင်ဟမ်ဟော့စပါး ၁-၀ ဘန်လေ
ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဘန်လေတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင် စပါးတို့ ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးတို့ အာဆင်နယ်တို့ အာဆင်နယ်ရဲ့ အဆင့် ၄ နေရာကို ရယူနိုင်ခဲ့ပြီး ဘန်လေ ကတော့ တန်းဆင်းဇုန်ထဲကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ကွန်တီရဲ့ အသင်းက ပုံမှန် အသုံးပြုနေကျ ၃-၄-၂-၁ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ကူလူဆက်ဗ်စကီး နေရာမှာ မော်ရာ ပါဝင်လာတာက လွဲရင် အာဆင်နယ်နဲ့ ပွဲတုန်းက လူစာရင်း အတိုင်းပဲ ခင်းကျင်းလာခဲ့ပါတယ်။ ဘန်လေ ကတော့ ခံစစ် အသားပေး ၅-၃-၂ ကစားကွက်နဲ့ အပြောင်းအလဲလုပ် ပွဲထွက်ခဲ့ပြီး တာကောစကီးနဲ့ ဘန်မီး မပါနိုင်တဲ့ ခံစစ်မှာ လောင်း၊ ကောလင်း၊ ရောဘတ်၊ လိုတန်၊ တေလာ တို့ကို အသုံးပြုလာခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဘရောင်းဟေးလ်၊ ကော့ခ်၊ မက်နေးလ်နဲ့ တိုက်စစ် မှာတော့ အက်ရှ်လေ ဘန်းစ်နဲ့ ကောနတ်တို့ ဦးဆောင်ခဲ့ပါတယ်။

အဓိက ကစားသမား အများစု မပါနိုင်တဲ့ ဘန်လေကို စပါးတို့ ပွဲစကတည်းက ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေတို့ တစ်သင်းလုံး ခံစစ် ပိတ်ကစားခဲ့တာကြောင့် စပါးတိုက်စစ်က ကိန်းနဲ့ ဆွန်တို့ ဂိုးသွင်းရ ခက်နေခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံက တောက်လျောက် ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး လူးကပ်စ် မော်ရာရဲ့ ဖြတ်တင်ဘောတွေ ကလည်း အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ စပါးတို့ VAR ကြောင့် ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ ကန်ချက်ကို ဘန်လေ တိုက်စစ်မှူး အက်ရှ်လေ ဘန်းစ် တားဆီးရာ ကနေ လက်ထိခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင် ကီဗင် ဖရန့်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ ကိန်းကပဲ အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး နစ်ခ်ပုပ်လည်း ဘာမှမတတ်နိုင်ပဲ ရပ်ကြည့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း စပါးတို့ပဲ ကစားကွက် အသာနဲ့ ဘန်လေ ဘက်ကို တရစပ် ဖိအားပေးနိုင်ခဲ့ပြီး ဘန်လေ ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားကိုးခဲ့ရပါတယ်။ အက်ရှ်လေ ဘန်းစ်ရဲ့ ဧရိယာထိပ်က ကန်ချက် ဂိုးတိုင်ထိခဲ့တာကြောင့် စပါးတို့ ကံကောင်းခဲ့ရသလို ဆွန်ဟောင်မင်ရဲ့ အပိုင်ကန်ချက် နှစ်ကြိမ်စလုံးကို နစ်ခ် ပုပ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မရခဲ့ပဲ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။




ပွဲပြီးသုံးသပ်ချက်
စပါးတို့ တစ်ပွဲလုံး အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘန်လေရဲ့ ခံစစ်ကျစ်လျစ်မှုကြောင့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ကွန်တီရဲ့ အသင်းက ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၂၁ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၈ ကြိမ် အထိ ရှိခဲ့ပြီး ဘန်လေ ကတော့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ ညာခြမ်းက ဆန်းချက်ဇ်၊ အီမာဆင်၊ မော်ရာတို့ တောက်လျောက် အတက်အဆင်း မှန်မှန်နဲ့ ကစားသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု မျှော်လင့်နေတဲ့ ဆွန်လည်း နစ်ခ်ပုပ်ရဲ့ လက်စွမ်းပြမှုကြောင့် အပိုင်ကန်သွင်းမှု ၂ ကြိမ်စလုံး သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ အချူပ်အားဖြင့် ဆိုရရင် ဘန်လေတို့ တန်းဆင်းဇုန် ဖိအား အောက်က ရုန်းထွက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားခဲ့ပေမယ့် အဓိက ကစားသမား မစုံတာကြောင့် အမှတ်လိုနေတဲ့ အသင်းကြီး တစ်သင်းရဲ့ ရုန်းအားကို ဘယ်လိုမှ မယှဉ်နိုင်ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် စပါးတို့ ရမှတ် ၆၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အာဆင်နယ် ပွဲရလဒ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘန်လေ ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၈ နေရာကို ပြန်ဆင်းသွားခဲ့ရပြီး လက်ကျန် ၂ ပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ အရေးကြီးသွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် မေလ ၂၂ ရက်နေ့မှာ တန်းဆင်းသွားတဲ့ နော့ဝှစ်ချ်စီးတီးနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘန်လေ ကတော့ ၁၉ ရက်နေ့မှာ အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.