ဆောက်သမ်တန် ၀–၁ မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် (၄) ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စိန့်မေရီကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧည့်သည် ယူနိုက်တက်က ၀-၁ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်တို့ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ လှပတဲ့ အဆုံးသတ် ကန်ချက်နဲ့ အတူ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၇ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကြီးကို ချေဖျက်သွားနိုင်ခဲ့ပါတယ်။
ပွဲစဉ် အကျဉ်း

နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်းတွေနဲ့ပဲ ပွဲထွက်ခဲ့ကြပါတယ်။ စိန့်တို့ အထောင် တိုက်စစ်မှာ ချီအက်ဒမ်ကို အသုံးပြုခဲ့တာ ကလွဲရင် လက်စတာစီးတီးနဲ့ ပွဲက လူစာရင်းနဲ့ပဲ ယူနိုက်တက်ကို ရင်ဆိုင်သွားခဲ့ပြီး တန်ဟက်ဂ်ရဲ့ အသင်း ကတော့ လစ်ဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကွင်းလယ်လူသစ် ကတ်စ်မဲရိုး တို့ကို အရန်ခုံမှာပဲ ထားခဲ့တဲ့ ယူနိုက်တက်တို့ ပွဲအစပိုင်းမှာ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ လစ်ဗာပူးလ်နဲ့ ပွဲတုန်းကလောက် ကစားပုံ အချိတ်အဆက် မမိခဲ့သလို အိမ်ရှင် ဆောက်သမ်တန်ရဲ့ တောင်ပံ နှစ်ဖက်က လုပ်အားနှုန်း ကောင်းကောင်းနဲ့ ထိုးဖောက်မှုတွေကို သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ စိန့်တို့ရဲ့ ဂိုးကန်ချက် တချို့ကို ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကာကွယ်နိုင်ခဲ့ပြီး မှတ်တမ်းတွေ အရ ဆိုရင် ယူနိုက်တက် အတွက် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဦး အကြိမ် အဝေးကွင်းမှာ ပထမပိုင်း ဂိုးမပေးရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ယူနိုက်တက်တို့ အပိုင်အခွင့်အရေး တချို့ ရရှိခဲ့ပေမယ့်လည်း ဆောက်သမ်တန် နောက်တန်းနဲ့ ဂိုးသမား ဘာဇူနူတို့ ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ ယူနိုက်တက်တို့ သိသိသာသာ ကစားအားတင်လာခဲ့ပြီး ပွဲချိန် ၅၅ မိနစ် မှာတော့ လိုအပ်နေတဲ့ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီယိုဂို ဒါလော့တ်က တောင်ပံကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က လှလှပပ ကန်သွင်း အဆုံးသတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ကလည်း ယူနိုက်တက် အတွက် ဧပြီလနောက်ပိုင်း ပထမဦးဆုံး အကြိမ် ရရှိခဲ့တဲ့ အဝေးကွင်း သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ၆၈ မိနစ် မှာတော့ ဂျေဒန် ဆန်ချို အစား ရော်နယ်ဒို၊ မိနစ် ၈၀ မှာတော့ အီလန်ဂါ အစား ပေါင်သန်း ၆၀ တန် သရဲနီ ကစားသမားသစ် ကတ်စ်မဲရိုး တို့ ဝင်ရောက် ကစားခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းက ထူးထူးခြားခြား တိုးတက်လာခြင်းတော့ မရှိပါဘူး။ ချေပဂိုး ရဖို့ လိုအပ်နေတဲ့ ဆောက်သမ်တန် ကပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ လူစားဝင် ကစားသမား ဆီကူ မာရာ ဘိုင်စကယ် ကန်ချက်နဲ့ လှလှပပ ကန်သွင်းခဲ့ပေမယ့် နောက်ခံလူ ဒါလော့တ် အသင့် ဝင်ကာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ စိန့်မေရီ ကနေ အဖိုးတန် ၃ မှတ်ယူပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်လက်နဲ့ သုံးသပ်ချက်
၂ ပွဲဆက် အနိုင်ရခဲ့လို့ သရဲနီ ပရိသတ်တွေ အတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ခြေစွမ်း ကတော့ အားရစရာ လုံးဝ မရှိခဲ့ပါဘူး။ အခုမှ အသင်းက ပြန်လည် စုစည်းနေရတဲ့ အချိန်မို့လို့ နားလည်ပေးလို့ ရပေမယ့် ဒီပုံအတိုင်း ရှေ့ဆက်နေရင်တော့ ရေရှည်မှာ မလွယ်ပါဘူး။ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ကလည်း လစ်ဗာပူးလ်နဲ့မှ မဟုတ်ရင် ဂိုးမသွင်းချင်ကြဘူး ဆိုတဲ့ အတိုင်း ဒီနေ့ပွဲ မှာလည်း ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။ အဲရစ်ခ်ဆင်၊ တော်မီနေးနဲ့ ဖာနန်ဒက်စ် တို့ရဲ့ ကွင်းလယ်က ခြေစွမ်း မဆိုးလှပေမယ့် သာမန် အဆင့်ထက် မပိုတာ ကိုတော့ လက်ခံရပါလိမ့်မယ်။
ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် ဆောက်သမ်တန်တို့ ဂိုးပေါက် ကန်ချက် ၁၇ ကြိမ် အထိ ရှိခဲ့ပြီး ယူနိုက်တက် ကတော့ ၁၁ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါလော့တ်သာ အကွက်မြင်မြင် မဖန်တီးနိုင်ခဲ့ရင် ဂိုးရဖို့ မဖြစ်နိုင်သလို သူသာ မကာကွယ်နိုင်ခဲ့ရင် ချေပဂိုး ပြန်ပေးရပြီး ယူနိုက်တက်တို့ သရေ ၁ မှတ်နဲ့သာ ကျေနပ်ရဦးမှာပါ။ ဒီနေ့ပွဲ အတွက် MOTM ကိုတော့ ဖာနန်ဒက်စ်ထက် ဒါလော့တ် ကိုတောင် ပေးသင့်ပါတယ်။
ဘာပဲပြောပြော အဖွင့် ၂ ပွဲဆက် ရှုံးပြီးနောက် ၂ ပွဲဆက် ပြန်နိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ရမှတ် ၆ မှတ်နဲ့ အတူ အဆင့် ၇ နေရာအထိ ယာယီ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဆောက်သမ်တန် ရာသီသစ်ရဲ့ ဒုတိယမြောက် ရှုံးပွဲနဲ့ အတူ ကတော့ အဆင့် ၁၄ နေရာကို ဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် စိန့်တို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ကတည်းက ယူနိုက်တက်ကို အနိုင်မရတော့တဲ့ စံချိန်ဆိုး တစ်ခု ကလည်း ဆက်ထိန်းသွားခဲ့ရပါတယ်။
လာမယ့်ပွဲစဉ်များ
ဆောက်သမ်တန်တို့ လာမယ့် ဩဂုတ် ၃၁ မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် ချဲလ်ဆီးနဲ့ ဆက်လက် ကစားရဖို့ ရှိပြီး ယူနိုက်တက် ကတော့ စက်တင်ဘာ ၂ ရက်နေ့မှ လက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.