ဘရိုက်တန် ၄-၀ မန်ချက်စတာယူနိုက်တက်
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၀ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။ ယူနိုက်တက်တို့ နောက်ပိုင်း ပွဲတွေမှာ ပုံစံကောင်း ပြန်ရနေခဲ့တဲ့ ဘရိုက်တန်ရဲ့ ကြံ့ခိုင်မှု အသားပေးတဲ့ ကစားကွက်ကြောင့် ပွဲအစကနေ အဆုံးထိ ရုန်းကန်ခဲ့ရပြီး တစ်သင်းလုံး စိတ်ဓာတ် ပျက်ပြားနေခဲ့သလို ထုံးစံ အတိုင်း နောက်တန်းရဲ့ ပေါ့ဆမှုတွေကြောင့် ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ယူနိုက်တက်တို့ ပုံမှန် ပွဲထွက်နေကျ ၄-၂-၃-၁ နဲ့ကိုမှ တိုက်စစ်မှာ ရော်နယ်ဒို တစ်ဦးတည်းကို အထောင်ထားပြီး ဖာနန်ဒက်စ်၊ မာတာ၊ အီလန်ဂါတို့နဲ့ ရံပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ မာတစ်နဲ့ တော်မီနေးကို တွဲပေးခဲ့ပြီး နောက်တန်း မှာတော့ လင်ဒီလော့ဖ်၊ ဗာရန်း၊ ဒါးလော့တ်နဲ့ တဲလက်စ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဝဲလ်ဘတ်၊ ဂရော့စ်၊ မက်အဲလစ်စတာ၊ လီအန်ဒရို ထရော့ဆက်ဒ်၊ ကိုင်စီဒို၊ ဘစ်ဆူးမား၊ မက်ချ်၊ ကူကာရယ်လာ၊ ဒန့်ခ်၊ ဗဲလ်မန်းနဲ့ ဆန်းချက်ဇ်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဘရိုက်တန်တို့ ပွဲစထဲက ကြံခိုင်မှု အသားပေး ကစားဟန်နဲ့ အတူ ယူနိုက်တက်တို့ ကစားကွက် တည်မရအောင် တွန်းတွန်းတိုက်တိုက် ကစားသွားခဲ့ပြီး အခွင့်အရေး ရရင် ရသလို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ကွင်းလယ် အချိတ်အဆက်တွေ ပြတ်တောက်နေခဲ့သလို မက်ဂွိုင်းယား မပါပေမယ့်လည်း လင်ဒီလော့ဖ်နဲ့ ဗာရန်းတို့ရဲ့ ခံစစ်က အမှားတွေ များခဲ့ပါတယ်။ ဘယ်၊ညာ အစွန်က တဲလက်စ်နဲ့ ဒါးလော့တ် တို့လည်း အတက်အဆင်း မမှန်ခဲ့တာကြောင့် ပွဲချိန်ကြာလာတာနဲ့ အမျှ ဘရိုက်တန်တို့ စိတ်ကြိုက်ပုံဖော် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ် မှာတော့ ယူနိုက်တက် နောက်တန်း ပျာယာခတ်နေတဲ့ ကြားက ဦးဆောင်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့်လည်း ယူနိုက်တက်တို့ ကစားပုံ တက်မလာတဲ့ အပြင် တိုက်စစ်ဆင်ခွင့် ရရှိချိန် မှာလည်း ဘရိုက်တန် နောက်တန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဖျက်ထုတ် တားဆီးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ ယူနိုက်တက်ရဲ့ ကစားပုံ ပိုဆိုးသွားခဲ့ပြီး ပွဲပြန်စပြီး ၄ မိနစ်မှာ ယူနိုက်တက် နောက်တန်းရဲ့ လူကပ်ပုံ လစ်ဟာမှု ကနေ ကူကာရယ်လာက အပိုင်ကန်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၅၇ မိနစ်နဲ့ မိနစ် ၆၀ တို့မှာ ယူနိုက်တက်တို့ ၂ ဂိုးဆက် ထပ်ပေးခဲ့ရပြီး ဒီနေ့ပွဲမှာ ဘရိုက်တန် အတွက် ခြေစွမ်းပြနေတဲ့ ဂရော့စ်နဲ့ ထရော့ဆက်ဒ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၄ ဂိုးပြတ် ဦးဆောင်ထားနိုင်ချိန်မှာ ဘရိုက်တန်တို့ ကစားအား လျှော့ခဲ့တာကြောင့် ယူနိုင်တက်တို့ အခွင့်အရေး တချို့ ပြန်ရခဲ့ပေမယ့် ဂိုးသမား ဆန်းချက်ဇ် လက်စွမ်းပြ ကာကွယ်ခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးတွေနဲ့ ဝေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၄-၀ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်




တကယ်တော့ ယူနိုက်တက်ရဲ့ ကစားပုံနဲ့ ပတ်သတ်လို့ ဘာမှကို ပြောစရာ မရှိတော့တာပါ။ အရင်ပွဲတွေလိုပဲ စိတ်ဓာတ်ပိုင်း လုံးဝ ပျက်ပြားနေခဲ့သလို ဂေါင်းကြီး မပါလည်း ယူနိုက်တက် နောက်တန်းက စုတ်ချာနေဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးက ကွင်းလယ်က မက်တော်မီနေး အပါအဝင် ဒါးလော့တ်၊ တဲလက်စ်တို့ ရှေ့ပဲ တက်ရမလို၊ နောက်ပဲ ပြန်ဆင်းရမလို ဖြစ်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ဆိုရင် ကွင်းထဲမှာ ရှိရော ရှိရဲ့လားလို့တောင် တွေးရတဲ့ အထိ ပျောက်ဆုံးနေခဲ့တာပါ။ ဒီအခြေအနေတွေကပဲ ဘရိုက်တန်ကို နေရာလွတ် များစွာ ဖန်တီးပေးသလို ဖြစ်ခဲ့ပြီး စိတ်ကြိုက် ဂိုးသွင်းခွင့်ပါ ပေးခဲ့တာ ဖြစ်ပါတယ်။ ပေးခဲ့ရတဲ့ သွင်းဂိုး အားလုံးမှာ နောက်ခံလူတွေ အမှားမကင်းခဲ့ပဲ ဂရော့စ် သွင်းယူခဲ့တဲ့ တတိယဂိုးကို ပြန်ကြည့်ရင် ဘောလုံး ဂိုးထဲ မရောက်ခင်မှာတင် လင်ဒီလော့ဖ် တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ အားလျော့လိုက်တာကိုတောင် တွေ့ရမှာပါ။ ခြုံငုံ သုံးသပ်ရရင် ဘရိုက်တန်တို့ အထူးတလည် ခြေစွမ်းပြနိုင်ခဲ့တာမျိုး မဟုတ်ပဲ နည်းပြ ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ ကစားပြီး ယူနိုက်တက်ရဲ့ အမှားတွေကို အကောင်းဆုံး အခွင့်အရေး ယူသွားခဲ့တာကြောင့် လှပတဲ့ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ထပ်ပြောရရင် ယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြစ်တင် ဝေဖန်ဖို့ထက် စိတ်မကောင်းဖြစ်ပေးဖို့သာ ရှိတော့သလို ပရိသတ်တွေ အနေနဲ့လည်း နောက်ရာသီ နည်းပြသစ် တန်ဟက်ဂ်နဲ့မှပဲ မျှော်လင့်ချင်တာတွေ ပြန်ပြီး မျှော်လင့်သင့်ပြီလို့ပဲ ဆိုချင်ပါတယ်။
ဒီပွဲ ရလဒ်ကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း အတွင်း ကနေ ရာသီသိမ်းနိုင်ရေး မဖြစ်နိုင်တော့သလို လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း လုံးဝ ဆုံးရှုံးသွားခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်၊ စပါး၊ ယူနိုက်တက် တို့လို အသင်းကြီးတွေ ဆီက အမှတ်ပြည့် ယူနိုင်ခဲ့တာကြောင့် ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၉ နေရာကို ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.