ဘရန့်ဖို့ဒ် ၁-၂ လိဒ်စ်ယူနိုက်တက်
နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အရေး ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ ဘန်လေတို့ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် လိဒ်စ်တို့ တန်းဆင်းဇုန်နဲ့ ၃ မှတ် အကွာ အဆင့် ၁၇ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး လာမယ့် ရာသီ ပရီးမီးယားလိဂ် ဆက်ကစားခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဂျက်ဆီမက်ရှ် အနေနဲ့ ပုံမှန် ခင်းကျင်းနေကျ ၄-၂-၃-၁ အစား ၄-၄-၁-၁ နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပေမယ့် ကလစ်ချ် အစား ဂရင်းဝုဒ် ပါဝင်လာတာက လွဲရင် ဘရိုက်တန်နဲ့ ပွဲက လူစာရင်းကိုပဲ အသုံးပြုခဲ့ပါတယ်။ အိမ်ရှင် ဘရန့်ဖို့ဒ် ကတော့ ၄-၃-၃ နဲ့ ပွဲထွက်ခဲ့ပြီး ရာယာ၊ ဘက်ချ်၊ ယန်ဆန်၊ အယား၊ ဟင်နရီ၊ ဂျနဲတ်၊ အဲရစ်ခ်ဆင်၊ ဂျန်ဆန်၊ အမ်ဘူအမ်မို၊ ဝစ်ဆာ၊ တိုနေး တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲကတည်းက ပုံစံကောင်း ပြန်ရစပြုနေတဲ့ လိဒ်စ်ယူနိုက်တက်တို့ ဒီနေ့ပွဲ မှာလည်း အမှားအယွင်း နည်းနည်းနဲ့ ကစားပြီး လိုချင်တဲ့ ရလဒ်ကို အရယူသွားခဲ့တယ်လို့ ပြောလို့ရပါတယ်။ နှစ်သင်းလုံး ပွဲစကတည်းက ကစားအား ကောင်းကောင်းနဲ့ အပြန်အလှန် ထိုးဖောက်ခဲ့ကြပြီး ပွဲချိန် ၁၉ မိနစ် မှာတင်ပဲ လူငယ်တိုက်စစ်မှူး ဂဲလ်ဟတ်က ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပေမယ့် VARနဲ့ ပယ်ဖျက်ခံခဲ့ရလို့ လိဒ်စ်တို့ နစ်နာခဲ့ရပါတယ်။ ပထမပိုင်းမှာ ဘရန့်ဖို့ဒ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုပြီး ပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ခံလူတွေနဲ့ ဂိုးသမား မက်လေးယာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဂိုးတော့ မရခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ ပွဲက ပိုကြည့်ကောင်းလာခဲ့ပြီး လိဒ်စ်တို့ အခွင့်အရေးတွေ စတင်ရရှိလာခဲ့ပါတယ်။ ပွဲကစားချိန် ၅၄ မိနစ်မှာ ဂိုးသမား ဒေးဗစ် ရာယာ အနေနဲ့ ရာဖင်ညာကို ပြစ်ဒဏ် ကျူးလွန်မိခဲ့တာကြောင့် လိဒ်စ်တို့ ပင်နယ်တီ ကန်ခွင့်ရပါတယ်။ ပင်နယ်တီ ကိုတော့ ရာဖင်ညာ ကပဲ အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ လိဒ်စ်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပြီး တစ်ဖက်မှာ ဘန်လေက နယူးကာဆယ်ရဲ့ ဦးဆောင်ခြင်း ခံထားရတာကြောင့်လည်း လိဒ်စ်တို့ စိတ်ဓာတ်ပိုင်း ပိုပြီး မြင့်တက်သွားခဲ့ပါတယ်။ ၇၈ မိနစ် မှာ ကေးနော့စ်က ပါးပါးနပ်နပ် ခေါင်းတိုက်ပြီး ဘရန့်ဖို့ဒ် အတွက် ချေပဂိုး ပြန်လည် ရယူသွားခဲ့တာကြောင့် လိဒ်စ် ပရိသတ်တွေ ရင်ခုန်ခဲ့ရပေမယ့် ကံတရား ကတော့ ဂျက်ဆီ မက်ရှ်ရဲ့ အသင်းဘက်မှာပဲ အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။ ချေပဂိုး သွင်းအပြီးမှာ ဂျာဆီချွတ် အောင်ပွဲခံလို့ အဝါကတ် ပြသခံထားရတဲ့ ကေးနော့စ် ရာဖင်ညာကို နောက်ကနေ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီး တစ်ယောက် အသာရသွားတဲ့ လိဒ်စ်တို့ လက်ကျန် မိနစ်တွေမှာ တိုက်စစ်ကို စိတ်ကြိုက် ပုံဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေလို့ လိဒ်စ်တို့ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ရပြီး ဂျက်ဆီမက်ရှ်ရဲ့ ဗျူဟာ အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ၉၀’+၄ မှာတော့ လိဒ်စ်တို့ အနိုင်ဂိုး ရရှိသွားခဲ့ပြီး တောင်ပံ ကစားသမား ဂျက်ဟာရစ်ဆင်က ၁၈ ကိုက်စည်း ပြင်ပကနေ ကန်ချက် ပြင်းပြင်းနဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပွဲစဉ် (၃၈) မတိုင်ခင် လိဒ်စ်ဟာ ဘန်လေထက် တန်းဆင်းရဖို့ ရာခိုင်နှုန်း ပိုများတဲ့ အသင်း အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးမှ ဒဏ်ရာရ ကစားသမား များနေတဲ့ ဘန်လေတို့ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ ဂျက်ဆီမက်ရှ်ရဲ့ ဦးဆောင်မှု အောက်မှာ နောက်ဆုံး ချိန်ထိ အားမလျှော့ပဲ ရုန်းသွားတဲ့ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု ကလည်း လိဒ်စ်ကို ပရီးမီးယားလိဂ်မှာ ၃ ရာသီဆက် ကစားခွင့်ရစေခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ လိဒ်စ်ဟာ အရည်အသွေး ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားသလို ကစားအားလည်း အပြည့် ရှိတဲ့ အသင်း ဖြစ်ပေမယ့် အချိန်ပြည့် တိုက်မယ် ဆိုတဲ့ ဗျူဟာကို ကိုင်စွဲပြီး ခေါင်းမာလွန်းခဲ့တဲ့ နည်းပြကြီး မာဆယ်လို ဘီရဲယ်ဆာ ကြောင့် မလိုလားအပ်ပဲ ရမှတ်တွေ ဆုံးရှုံးခဲ့ရသလို ပေးဂိုးတွေလည်း များခဲ့ရတာ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာ ရနေခဲ့တာကလည်း အကြောင်းအရင်း တစ်ခုပါပဲ။ ဒီလိုပြောလို့ ဘီရဲယ်ဆာ ကိုပဲ ပြစ်တင်ပုံချခြင်း မဟုတ်ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းကို အတိုင်းအတာ တစ်ခုထိတော့ သက်ရောက်မှု ရှိစေခဲ့တယ်ဆိုတာ လက်ခံရပါလိမ့်မယ်။ ဘာပဲပြောပြော ပုံစံပျက်နေတဲ့ အသင်း တစ်သင်းကို အခက်အခဲ အပြောင်းအလဲတွေ ကြားက ထိပ်တန်းလိဂ် တစ်ခုမှာ တင်ကျန်စေဖို့ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျက်ဆီ မက်ရှ် ကိုတော့ မဖြစ်မနေ ချီးကျူးရမှာ ဖြစ်သလို စောင့်လည်း စောင့်ကြည့်ရဦးမှာပါ။




ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပြီးမှ ရှုံးပွဲနဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းခဲ့ရတဲ့ ဘရန့်ဖို့ဒ် ကတော့ အဆင့် ၁၃ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး အသင်းကြီးတွေ ကိုတောင် ဒုက္ခပေးနိုင်ခဲ့တဲ့ သောမက်စ် ဖရန့်ခ်နဲ့ ဘရန့်ဖို့ဒ် ပျားတွေရဲ့ ကြိုးစား အားထုတ်မှု ကတော့ အားရစရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ခက်ခဲ ကြမ်းတမ်းတဲ့ ပြိုင်ပွဲ တစ်ခုမှာ နောက်ရာသီတွေ ဆက်ပြီး ကစားချင်တယ် ဆိုရင်တော့ ဘရန့်ဖို့ဒ်တို့ မဖြစ်မနေ အင်အားဖြည့်တင်းမှုတွေ၊ ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.