အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ သေချာနေသူ ဖြစ်ပြီး အသင်းသစ်လည်း ရှာဖွေနေသူပါ။ ဒီအချိန်မှာ ဂျေဒန် ဆန်ချိုက လစာ တစ်ဝက် လျှော့ယူပြီး သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဒေါ့မန်မှာ ပြောင်းရွှေ့ ကစားဖို့ လိုလားနေကြောင်း သိရပါတယ်။
ဆန်ချိုကိုတော့ ယူနိုက်တက်က အရောင်းစာရင်း တင်ထားပြီး ခေါ်ယူလိုတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့်လည်း သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာနှုန်းထားကြောင့် လက်တွန့်နေကြပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၂၇၅၀၀၀ ရရှိနေပြီးတော့ BILD ရဲ့ ဖော်ပြချက်အရ အင်္ဂလန်သားဟာ ဒီနွေရာသီမှာ ဒေါ့မန်ကို ပြန်လည် ပြောင်းရွှေ့ဖို့ အတွက် လစာ ၅၀ ရာခိုင်နှုန်း လျှော့ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဆန်ချိုဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အပြင် တခြားသော ကလပ်တွေနဲ့လည်း သတင်းတွေ ထွက်နေပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကိုသာ ပြန်လည် ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပါတယ်။ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ဆန်ချိုဟာ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ဒေါ့မန်မှာ ၅ ရာသီ နီးပါး ကစားခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူပါ။ ဆန်ချိုဟာ ယူနိုက်တက်မှာ နှစ်ရာသီလောက် ကစားခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ မှာတော့ ဒေါ့မန်ကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဒေါ့မန်က ဆန်ချိုကို အပြီးသတ် ဝယ်ယူလိုခဲ့ပေမယ့် ယူနိုက်တက် ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လိုချင်ခဲ့တာကြောင့် ချဲလ်ဆီးကို တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ရပြန်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကလည်း အငှားစာချုပ် ပြည့်ချိန်မှာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ကစားသမားနဲ့ ညှိနှိုင်းလို့ အဆင်မပြေခဲ့တာကြောင့် လျော်ကြေး ပေါင် ၅ သန်း ပေးပြီး မိခင် ကလပ် ယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဆန်ချိုကို ဒေါ့မန် ကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ရပေမယ့် လက်ရှိအချိန် မှာတော့ ပေါင်သန်း ၂၀ အောက်နဲ့သာ ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေရတာလည်း ဖြစ်ပါတယ်။ GGFN ရဲ့ ဖော်ပြချက် အရ ဒေါ့မန်ဟာ ကစားသမားနဲ့ အဆက်အသွယ်ရှိနေဆဲ ဖြစ်ပြီး အသက် ၂၅ နှစ် အရွယ် ဆန်ချိုက သူတို့ရဲ့ တိုက်စစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် ဆန်ချို ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာရင် ဒေါ့မန် ကိုသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်က ဆန်ချို အပြင် ဂါနာချို၊ မလာစီယာနဲ့ ဟွိုက်ဂျ်လန်း တို့ကို ရှင်းထုတ်ဖို့ စီစဉ်ထားပါသေးတယ်။ ဒါပေမယ့်လည်း နည်းပြ အမော်ရင် ကိုယ်တိုင်က သူတို့ အသင်းရဲ့ ကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အထောင် တိုက်စစ် အတွက် ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှိနေသေးပြီး ငွေကြေး လိုအပ်ချက်အရ အသင်းမှာ အဆင်မပြေတဲ့သူတွေကို အရင်ဆုံး ရှင်းထုတ်နိုင်ဖို့တော့ လိုအပ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.