လစ်ဗာပူးလ် ကစားသမားသစ် ဟူဂို အစ်ကီတီကီ ကတော့ သူ့ အနေနဲ့ ဘာကြောင့် အန်ဖီးလ်ကို ဘာကြောင့် ပြောင်းရွှေ့လာခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ပထမဦးဆုံး အကြိမ် ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အသင်းထံ ပေါင် ၇၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အစ်ကီတီကီဟာ မနေ့က လာလီဂါ ကလပ် ဘီလ်ဘာအိုနဲ့ ဒုတိယ ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ အဖွင့်ဂိုး အတွက် ဖန်တီးပေးခဲ့ပြီး လစ်ဗာပူးလ် ကလည်း ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ကွယ်လွန်သွားတဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ အတွက် အထိမ်းအမှတ် ပွဲစဉ် အဖြစ် အန်ဖီးလ်မှာ ပထမဆုံး အကြိမ် ပြန်လည် ကစားတဲ့ ပွဲလည်း ဖြစ်ပါတယ်။
အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ပထမဦးဆုံး ပွဲထွက်ခွင့်ရရှိချိန်မှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် အစ်ကီတီကီက LFCTV ကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အစ်ကီတီကီက “ကျွန်တော်တို့ အသင်းမှာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမားတွေချည်းပဲ စုထားတာပါ။ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ယူချင်တယ်။ ရာနှုန်းပြည့် အားစိုက်ထုတ်သွားမှာပါ။ ကျွန်တော် ကိုယ်တိုင်လည်း ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ။ ကျွန်တော် ဒီကို ရောက်လာတာက အနိုင်ရဖို့ အတွက်ပါပဲ။” လို့ ဆိုပါတယ်။

အစ်ကီတီကီဟာ အခုပွဲနဲ့မှ လစ်ဗာပူးလ် အတွက် နှစ်ကြိမ်မြောက် ပွဲထွက်ကစားခွင့်ရတာ ဖြစ်ပေမယ့် အသင်းဖော်သစ်တွေနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့တာကြောင့် ပရိသတ်တွေ ကလည်း အားရကျေနပ်နေခဲ့ကြပါတယ်။ ဒါနဲ့ပတ်သတ်လို့တော့ အစ်ကီတီကီက “သူတို့နဲ့ အတူ တွဲကစားရတာကို ကျွန်တော် ပျော်ပါတယ်။ ကွင်းပြင်ပ မှာလည်း သူတို့က လူကောင်းတွေပါ။ ဘောလုံးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြင်ဆင်ရမယ့် အသေးအဖွဲ ကိစ္စလေးတွေတော့ ရှိနေပါသေးတယ်။ ကျွန်တော့် ဘက်ကလည်း ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ရာသီတစ်လျှောက်လုံး သူတို့နဲ့ အတူ ကစားရမှာကို ပျော်ရွှင်စွာ စောင့်မျှော်နေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ အသက် ၂၃ နှစ် အရွယ် အစ်ကီတီကီကို ခေါ်ယူနိုင်ဖို့ အတွက် နယူးကာဆယ်နဲ့ တခြားသော ကလပ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အစ်ကီတီကီ ကတော့ လစ်ဗာပူးလ်ရဲ့ ဒီနွေရာသီ နောက်ဆုံး ခေါ်ယူမှု ဖြစ်ဖို့ ရှိနေပြီး အသင်း ကတော့ ကစားသမား တချို့ကို ရောင်းချဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လစ်ဗာပူးလ်ဟာ နယူးကာဆယ် တိုက်စစ် ကြယ်ပွင့် အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ ပထမအကြိမ် ကမ်းလှမ်းထားပေမယ့် ပယ်ချခံထားရပါတယ်။
လစ်ဗာပူးလ်ဟာ လာမယ့် ဩဂုတ် ၁၀ ရက်နေ့ မှာတော့ အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ အာနေး ဆလော့တ်ရဲ့ အသင်းက ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
ဆလော့တ် ကတော့ ရာသီသစ် မစတင်ခင်မှာ သူ့အသင်း အနေနဲ့ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်း သာနေဖို့ အရေးကြီးကြောင်း ကိုလည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ခင်ဗျားဟာ နောက်ထပ် ခြေလှမ်းသစ်တွေ ကြိုးစားနေရပါမယ်။ ကျွန်တော် တို့ရဲ့ ပြိုင်ဘက်တွေက ရပ်တန့်မနေပါဘူး။ သူတို့ရဲ့ အသင်း ကိုလည်း ကျွန်တော် တို့လို ခေါ်ယူမှုတွေနဲ့ တိုးတက်အောင် လုပ်ထားပါတယ်။ ဌာနတိုင်းမှာ တိုးတက်ဖို့ အမြဲတမ်း ကြိုးစားနေရမယ်။ ကျွန်တော့် အမြင်အရတော့ ကျွန်တော် တို့က အပိုလက်နက်တွေ ထပ်ဖြည့်ထားတယ်။ ဖလော်ရီယန်ရဲ့ ဖန်တီးမှုတွေ ထပ်ပေါင်းထည့်ထားပေမယ့် ထရန့်ရဲ့ ဖန်တီးမှုတွေ ကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။” လို့ ဆလော့တ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.