အာဆင်နယ် ကတော့ လာမယ့် စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာစီးတီးကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူး သီဟာရီ အွန်နရီက အာဆင်နယ် အနေနဲ့ မန်ချက်စတာစီးတီးနဲ့ ကစားမယ့် ပွဲစဉ်မှာ သရေ တစ်မှတ်နဲ့ ကျေနပ်မနေသင့်ကြောင်း ပြောကြားလိုက်ပါတယ်။
အာဆင်နယ်က ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အပြီး CBS Sports ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ အွန်နရီက အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “လက်ရှိအချိန်မှာ အာဆင်နယ်လောက် အရည်အသွေး ရှိတဲ့ ကစားသမားတွေနဲ့ ပြည့်စုံနေတဲ့ အသင်း ဥရောပမှာ မရှိဘူး ဆိုတာ ပြောရဲတယ်။ သူတို့မှာ အသင်း နှစ်သင်းစာလောက် ရှိနေတယ်။ ဒီနေ့ည အရန်ခုံမှာ ထိုင်နေတဲ့သူတွေကို ကြည့်လိုက်ပါဦး။ အဲ့ဒါတောင် မာတင် အိုဒီဂတ်၊ ကိုင် ဟာဗက်ဇ်၊ ဘူကာယို ဆာကာ၊ ဂါဘရီရယ် ဂျေဇုစ် တို့လို ကစားသမားတွေ မပါသေးဘူးနော်။ ဒီလူစာရင်းကို ကြည့်လိုက်ရင် ပြိုင်ပွဲ အားလုံးမှာ ယှဉ်ပြိုင်ဖို့ အသင်းက အပြည့်အဝ အဆင်သင့် ဖြစ်နေပြီလို့ ပြောလို့ ရတယ်။” ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အွန်နရီက ဂန်းနားတွေ အနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်း မရှိရင် ဘာအကြောင်းပြချက်မှပေးလို့ မရတော့ကြောင်းလည်း ပြောဆိုသွားခဲ့ပါသေးတယ်။ “ရိုးရိုးသားသား ပြောကြရအောင်ဗျာ။ ဒီနှစ်မှာ တစ်ခုခုတော့ အနိုင်ရမှကို ဖြစ်တော့မယ်။ ဒါက မဖြစ်မနေ လိုအပ်ချက်ပါပဲ။ ပုန်းကွယ်နေလို့ မရတော့ဘူး။ ဒဏ်ရာပြဿနာတွေ အကြောင်းလည်း ပြောလို့ မရတော့ဘူး။ တခြား ကလပ် အသင်းကြီးတွေ မှာလည်း ဒဏ်ရာ ပြဿနာတွေ ရှိနေကြတာပဲ။ အခု ခင်ဗျား တို့မှာ လူစာရင်း ရှိတယ်။ ခြေစွမ်းပြဖို့ လိုအပ်တာ အပြည့်အစုံ ရှိနေပြီ။ အကြောင်းပြချက် ပေးလို့ မရတော့ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်ရဲ့ အဓိက အောင်မြင်မှု ပစ်မှတ်က နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ရေး၊ ချန်ပီယံလိဂ်မှာ ပထမဦးဆုံး အကြိမ် ဗိုလ်စွဲနိုင်ရေးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ မီခဲလ် အာတေးတား အနေနဲ့လည်း အာဆင်နယ်တို့ ၅ နှစ်ကြာ ဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ဖို့ အရေးကြီးနေပါတယ်။
ဒါကြောင့် အွန်နရီက နည်းပြ မီခဲလ် အာတေးတားရဲ့ ပွဲကြီးတွေမှာ မရှုံးနိမ့်ရေးကို အဓိက ထားနေတဲ့ စိတ်ဓာတ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။ “ခင်ဗျားက ချန်ပီယံဆု လိုချင်တယ် ဆိုရင် သွားပြီး ရအောင် ယူရမယ်။ ပွဲမရှုံးအောင် ကစားနေရုံနဲ့တော့ ရမှာ မဟုတ်ဘူး။ လစ်ဗာပူးလ် ဒါမှမဟုတ် မန်စီးတီးကို အနိုင်ယူချင်ရင် သွားပြီး တိုက်စစ်ဆင်ရမှာ။ ‘မရှုံးအောင် အရင်ကစားမယ်’ဆိုတဲ့ စိတ်နဲ့ ပွဲထဲ ဝင်သွားလို့ မရဘူး။ ကျွန်တော့် ခေတ်တုန်းက ဆိုရင် ယူနိုက်တက်ကို အနိုင်ယူမှ ဖြစ်မှာ။ သရေကျအောင် ကြည့်ကစားပါမယ်လေ ဆိုပြီး ပြောလို့ မရဘူး။” လို့ ပြင်းပြင်းထန်ထန် ပြောဆိုသွားခဲ့ပါတယ်။
အဲဒီနောက် အွန်နရီက အာဆင်နယ်ကို အခုလို စိတ်ဓာတ်မျိုးနဲ့ ပြီးခဲ့တဲ့ လက လစ်ဗာပူးလ်ကို ၁-၀နဲ့ ရှုးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သာမက အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဝ-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ နည်းပြ မီခဲလ် အာတေးတားက တိုက်စစ်မှူး တစ်ယောက် ထုတ်ပြီး ကွင်းလယ် ခံစစ် တစ်ယောက် ထည့်ခဲ့တာဟာ ပွဲမရှုံးနိမ့်ရေးကို စဉ်းစားခဲ့တဲ့ သက်သေ ဖြစ်ကြောင်း အွန်နရီက ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ မန်ချက်စတာစီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ကြိမ်ဆက် မရှုံးထားပဲ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ ကစားထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက အမ်းမရိတ်စ် မှာတော့ အာဆင်နယ်က မန်စီးတီးကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.