ဘန်လေကို အနိုင်ရတဲ့ ယူနိုက်တက်၊ ဟာဇက်ကို လူကပ်ခဲ့တဲ့ အကြောင်း ပြန်ပြောလာတဲ့ ဟာရဲရား စတဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။
“ဟာဇက် အိမ်သာထဲ သွားရင်တောင် ကျနော် လိုက်သွားမယ်လို့ ပြောခဲ့တယ်” ဟာရဲရား
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း အန်ဒရီ ဟာရဲရား ကတော့ တချိန်က ချယ်လ်ဆီး တောင်ပံ ကစားသမား အီဒင် ဟာဇက်ကို လူကပ် ထိန်းချုပ်ဖို့နဲ့ ပတ်သက်ပြီး နည်းပြဟောင်း မော်ရင်ဟိုကို ပြောဆိုခဲ့မှုတွေက မှန်ကန်တယ်လို့ အတည်ပြုခဲ့ပါတယ်။
“ ဟုတ်ပါတယ်၊ အဲဒီတုန်းက ဟာဇက်က လိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ၊ ချယ်လ်ဆီး ကလည်း အရမ်းကောင်းတဲ့ အသင်း ဖြစ်နေတယ်၊ ဟာဇက်ကို ထိန်းဖို့ မော်ရင်ဟိုက ကျနော့်ကို တာဝန်ပေးပါတယ်၊ ပွဲမတိုင်ခင် ၂ ရက် အလိုမှာ သူ့ကို ကျနော် ပြောခဲ့တာက အကောင်းဆုံး ကြိုးစားသွားမယ်၊ ဟာဇက်က အိမ်သာထဲ သွားရင်တောင် ကျနော် လိုက်သွားမယ် ဆိုပြီး ပြောခဲ့တယ်”
“ ရယ်ရတာ ကတော့ ကျနော်က ကွင်းလယ် ခံစစ်မှာ ကစားခဲ့ရပေမယ့် တစ်ဂိုး သွင်းပြီး တကြိမ် ဖန်တီးပေးနိုင်ခဲ့တာပါ” လို့ ဟာရဲရားကဆိုပါတယ်။ ဟာရဲရားဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ၅ နှစ်ကြာ ကစားခဲ့ပြီး စာချုပ်သက်တမ်းတိုးဖို့ အတွက် အသင်းကို မျှော်လင့်ခဲ့ပေမယ့် သူ့ကို ကမ်းလှမ်းမှု မရှိခဲ့လို့ မထွက်ချင်ဘဲ ထွက်ခဲ့ရသူ ဖြစ်ပါတယ်။ အဲ့နောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ကာ လက်ရှိမှာတော့ အသင်းဟောင်း ဘီလ်ဘာအို အတွက် ကစားပေးနေပါတယ်။
ခရာဘောင်ဖလားပွဲမှာ ဘန်လေကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်
ကမ္ဘာ့ဖလား အပြီးမှာ မန်ချက်စတာယူနိုက်တက်က ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲ ပွဲစဉ်ကို ကစားခဲ့ရတာ ဖြစ်ပြီး ချန်ပီယံရှစ် ကလပ် ဘန်လေကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ အဲရစ်ဆန်၊ ရက်ရှ်ဖို့ဒ်၊ မာစီရယ်တို့နဲ့ အတူ ဝမ်ဘစ်ဆာခါ၊ မက် တော်မီနေး၊ လင်ဒီလော့ဖ်၊ မာလာစီယာ တို့ကို အသုံးပြုခဲ့ပါတယ်။
ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဘစ်ဆာခါရဲ့ ဖန်တီးပေးမှု ကနေ အဲရစ်ဆန်၊ ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ကာ ၅ ပတ် အကြာ ပထမဆုံး ကစားရတဲ့ ပွဲစဉ်ကို အနိုင်ရခဲ့လို့ တန်ဟက်ဂ် အတွက်လည်း စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။
ဘန်လေ ကတော့ ချန်ပီယံရှစ်မှာ ခြေစွမ်းပြနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နေပြီး မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီက နည်းပြ အဖြစ်နဲ့ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ လာမယ့်ပွဲ အဖြစ် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နော့တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘန်လေကို အနိုင်ရခဲ့တဲ့ ပွဲမှာ တကိုယ်တော် ထိုးဖောက်ပြီး သွင်းဂိုး ၁ ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးတို့ ဘန်လေကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲရစ်ခ်ဆင်က ၁ ဂိုး သွင်းကာ ရက်ရှ်ဖို့ဒ် ကတော့ မမေ့နိုင်စရာ ဖြစ်စေမယ့် သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
ယူနိုက်တက် ကွင်းဘက်ခြမ်း ညာခြမ်းခံစစ်မှာ ဘန်လေက ထိုးဖောက်လာရာ ကနေ ဘောလုံးပျက်သွားခဲ့ပြီး ရက်ရှ်ဖို့ဒ်က ဘောလုံးရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်တို က်စစ်မှူးဟာ ဘောလုံးရရှိအပြီး အဆိုပါ နေရာကနေ တဦးတည်း ဆွဲပြေးခဲ့ကာ ဘန်လေ ကစားသမားတွေ ကလည်း ဝင်ရောက် ဖျက်ထုတ်မှု မလုပ်ဘဲ ဟန့်တား ပိတ်ဆို့ဖို့ ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်က ဧရိယာထဲ အထိကို ဘောလုံးနဲ့အတူ ဆွဲပြေးနိုင်ခဲ့ပြီး ကစားသမား ၂ ဦးကို လိမ်ခေါက်ခဲ့ကာ ညာခြေနဲ့ အနိမ့်ဘော ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တော်တော်လေး လှပတဲ့ ကန်ချက် ဖြစ်ပြီး ရက်ရှ်ဖို့ဒ် အတွက်တော့ ယူနိုက်တက် အတွက် ကမ္ဘာ့ဖလား အပြီး ပြန်ကစားပေးတဲ့ ပွဲမှာပဲ ဂိုးရခဲ့လို့ ယုံကြည်ချက်တွေ ပိုမို အားကောင်းလာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.