ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီး ကတော့ လီယမ် ဒီလက်ပ်နဲ့ ယာအို ပက်ဒရို တို့ကို ခေါ်ယူထားခဲ့သည့် တိုင်အောင် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိသေးတဲ့ပုံပါပဲ။ လက်ရှိမှာ နီကိုးလက်စ် ဂျက်ဆန်ကို စီးရီးအေ ကလပ် အေစီမီလန်က ခေါ်ယူဖို့ ထိပ်ဆုံးက စိတ်ဝင်စားနေပြီး ချဲလ်ဆီး ကတော့ သူတို့ရဲ့ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၁၀၀ ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုမျိုး သတ်မှတ်လိုက်တဲ့ အပေါ် ဘောလုံး ပရိသတ်တချို့ ကတော့ လှောင်ပြောင် ဝေဖန်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ဂျက်ဆန်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဗီလာရီးရဲလ် ကနေ ပရီးမီးယားလိဂ်ကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဂျက်ဆန်ဟာ ချဲလ်ဆီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၈၁ ပွဲ ကစားကာ ဂိုး ၃၀ သွင်းပြီး ၁၂ ဂိုး ဖန်တီးထားပေမယ့် အချက်အလက်တွေနဲ့ ခြေစွမ်းအရ ဆိုရင်တော့ လက်ရှိ ချဲလ်ဆီးက လိုချင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကိုက်ညီမှု မရှိကြောင်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရတော့ ချဲလ်ဆီးဟာ ဂျက်ဆန်ကို အမှန်တကယ် ရောင်းချဖို့ထက် အေစီမီလန်ရဲ့ စိတ်ဝင်စားမှုကို တားဆီးချင်တာကြောင့် အခုလို မတန်တဆ ဈေးသတ်မှတ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ သူတို့ အသင်းမှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်သေးတဲ့ တိုက်စစ်မှူးကို အလျင်စလို ရောင်းထုတ်လိုခြင်း မရှိသေးကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း အေစီမီလန်ဟာ သူတိုရဲ့ တိုက်စစ်ပိုင်းကို ပြန်လည် တည်ဆောက်ချင်နေတာကြောင့် ဂျက်ဆန်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုးမား ကနေ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ တမ်မီ အေဘရာဟမ်ဟာ တူရကီ ကလပ် ဘက်ဆစ်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သလို တိုက်စစ်မှူး လူကာ ယိုဗစ် ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်း ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အေစီမီလန်က ရာသီသစ် အတွက် သူတို့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ တိုက်စစ်မှူး ၆ ဦးလောက်ကို စောင့်ကြည့်နေပြီး ဂျက်ဆန်က အဓိက ပစ်မှတ်တွေထဲမှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်ပါတယ်။
စီးရီးအေ ကလပ်ဟာ ဂျက်ဆန်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး မကြာခင်မှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်လည်း ရှိနေပါတယ်။ သတင်းတွေအရ အခြေအနေတွေသာ ကိုက်ညီမှု ရှိမယ် ဆိုရင် ဂျက်ဆန်ဟာ အေစီမီလန်ကို ပြောင်းရွှေ့ ကစားလိုနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီနှစ်သင်း အကြားမှာ ယခင် ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာကြောင့် ဆီနီဂေါ လက်ရွေးစင် အနေနဲ့ အေစီမီလန်ကို ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ချဲလ်ဆီးနဲ့ အေစီမီလန်တို့ အကြားမှာ ဖီကာယို တိုမိုရီ၊ ရူဘင် လော့ဖ်တပ်စ်-ချိခ်နဲ့ ခရစ်တီယန် ပူလီဆစ် တို့ရဲ့ အပြောင်းအရွှေ့တွေ အထမြောက်ခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.