လက်စတာစီးတီး ၁-၀ မန်ချက်စတာစီးတီး
အီယန်နာချို ၈၉’ (ပင်နယ်တီ)
မနေ့က ယှဉ်ပြိုင်ကစားတဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ လက်စတာစီးတီးတို့ လူစားဝင် တိုက်စစ်မှူး အီရန်နာချိုရဲ့ ပွဲပြီးခါနီး ပင်နယ်တီဂိုးနဲ့ မန်ချက်စတာစီးတီး ကို အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ဝင်ဘလေကွင်းထဲမှာ ချဲလ်ဆီးကို ၁-၀ ရလဒ်နဲ့ အနိုင်ယူပြီး အသင်းရဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ် အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးတို့ လက်ရှိ မှာလည်း ကွန်မြူနတီဒိုင်းကို ပထမဦးဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ၅ နှစ် အတွင်း ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အတိုးတက်ဆုံးလို့ ပြောရမယ့် လက်စတာစီးတီးတို့ ၂၀၁၆ ခုနှစ်မှာ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထဲ မှာတော့ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း အောင်မြင်မှုတွေ ထပ်မံရရှိခဲ့လို့ ပြည်တွင်း အဓိကပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ရရှိဖူးတဲ့ အသင်း ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ဝင်ဘလေကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရခဲ့ပြီး ထူးခြားချက်က ပေးဂိုး လုံးဝ မရှိခဲ့တာ ဖြစ်ပါတယ်။
ရာသီသစ် အတွက် အဆင့်သင့် ဖြစ်နေတဲ့ ရော့ဒ်ဂျားစ်နဲ့ လက်စတာ

ပွဲပြီးခါနီး ပင်နယ်တီက ပွဲစဉ်တစ်ခုလုံး အတွက် အဖြေ ဖြစ်ခဲ့တယ် ဆိုပေမယ့် မန်စီးတီးလို တောင့်တင်းတဲ့ အသင်းကို ပွဲချိန်ပြည့် အကောင်းဆုံး ယှဉ်ကစားသွားခဲ့တဲ့ ဘရန်ဒန် ရော့ဒ်ဂျား်စရဲ့ အသင်းကို မဖြစ်မနေ ချီးကျူးရမှာပါ။ ဘောလုံးပိုင်ဆိုင်မှု၊ ပေးပို့မှု အပိုင်းတွေမှာ အသာမရခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှု တူညီခဲ့သလို ဂိုးပေါက် တည့်မှုမှာ မန်ချက်စတာစီးတီး က ၃ ကြိမ်သာ ရှိခဲ့ပြီး လက်စတာ ကတော့ ၅ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဗီလာရီးရဲယ်နဲ့ ခြေစမ်းပွဲမှာ အဓိက နောက်ခံလူ ဖိုဖာနာ ဒဏ်ရာရသွားခဲ့လို့ လက်စတာစီးတီး နောက်တန်းကို အားနည်းနေမယ်လို့ ထင်ခဲ့ပေမယ့် ရီကာဒို ပရဲရား၊ အမာတေး၊ ဆွန်ယူချူ တို့ မန်စီးတီး တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘယ်နောက်ခံ နေရာမှာ ပွဲထွက်လာခဲ့တဲ့ ကစားသမားသစ် ဘာထရန် ရဲ့ ခြေစွမ်းကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ကွင်းလယ်က ဘန်းစ်၊ ယိုရီ တေးလီမန့်စ်၊ အန်ဒီဒီ၊ မက်ဒီဆင်တို့ အမှားနည်းခဲ့ပြီး ထုံးစံ အတိုင်း အီရန်နာချို ကတော့ အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး ပီပီ ရရှိတဲ့ အခွင့်အရေးကို အမှားအယွင်း မရှိ အသုံးချသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းနဲ့သာ ဆိုရင် လက်စတာစီးတီး ဟာ ရာသီသစ်မှာလည်း ပြိုင်ဘက်တွေကို အကောင်းဆုံး ဒုက္ခပေးနိုင်ဦးမယ့် သဘောရှိပြီး ထိပ်ဆုံး ၆ သင်း နေရာ ကတော့ သေချာပေါက် ပြေးမလွတ်ပါဘူး။
အဆုံးသတ် အားနည်းချက်တွေနဲ့ မန်စီးတီး
အဓိက အထောင် တိုက်စစ်မှူး စစ်စစ် မပါလာခဲ့တဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်း ကတော့ အဆုံးသတ်ပိုင်းမှာ တော်တော်လေး အားနည်းခဲ့ပြီး ဂွန်ဒိုအန်၊ ကန်ဆယ်လို၊ ရူဘင်ဒီးရာ့စ် တို့လောက်ပဲ ခြေစွမ်းပြနိုင်ခဲ့ ပါတယ်။ ဖာရန်တောရက်စ် ရဲ့ ခြေစွမ်း ပုံမှန်အောက်မှာ ရှိနေခဲ့ပြီး မားရက်ဇ် ရဲ့ တောင်ပံ ကနေ ထိုးဖောက်မှုတွေ ကလည်း ဘယ်လိုမှ အားရစရာ မရှိခဲ့ပါဘူး။ ပွဲချိန် ၇၄ မိနစ်မှာ ပေါင်သန်း ၁၀၀ တန် ဂျက်ဂရီးလစ်ရှ် ဝင်လာခဲ့ပေမယ့် မျှော်လင့်ထားသလောက် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မန်စီးတီးတို့ ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့ ဆိုရင် အဂွဲရိုးလို အဆုံးသတ် သေချာပြီး Super Sub ဖြစ်နိုင်တဲ့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ရှာဖွေဖို့တော့ လိုအပ်နေခဲ့ပါပြီ။ တကယ်တမ်းတော့ အတွက် ကွန်မြူနတီဒိုင်းဟာ မန်ချက်စတာစီးတီး အတွက် စာဖွဲ့လောက်တဲ့ ပွဲစဉ်တစ်ခု မဟုတ်ပေမယ့် အသင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ဆိုရင်တော့ အကျိုးရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
လာမယ့် ဩဂုတ်လ ၁၄ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေ အဖြစ် လက်စတာစီးတီးတို့ ဝုဗ်ကို ကင်းပါဝါမှာ ဧည့်ခံကစားဖို့ ရှိပြီး မန်စီးတီး ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ အီတီဟတ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.