မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာဟာ လူတိုင်း ကစားချင်တဲ့ အိပ်မက် အသင်း ဖြစ်သလို သူ့ အနေနဲ့ အိမ်ကို ရောက်လာသလို ခံစားရတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဘာစီလိုနာကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ် ကလပ်ဟောင်းနဲ့ ပတ်သတ်လို့လည်း ဝေဖန်သွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
လာလီဂါ လက်ရှိ ချန်ပီယံ ဘာစီလိုနာဟာ အသက် ၂၇ နှစ် အရွယ် ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမားကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အငှားစာချုပ် သက်တမ်း ကုန်ဆုံးရင်တော့ ပေါင် ၃၀.၃ သန်း (ယူရို ၃၅ သန်း) နဲ့ အပြီးသတ် ခေါ်ယူနိုင်တဲ့ အချက်လည်း ပါဝင်ကြောင်း သိရပါတယ်။ စပိန်က လာတဲ့ သတင်းတွေအရ ရက်ရှ်ဖို့ဒ် မန်ချက်စတာယူနိုက်တက်မှာ ရရှိနေတဲ့ တစ်ပတ် လုပ်ခ ပေါင် ၃၂၅,၀၀၀ ရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို ဘာစီလိုနာက ပေးချေသွားမယ်လို့လည်း သိရပါတယ်။
၂၀၁၅ ခုနှစ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ကတည်းက ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့် မရတော့ပဲ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဒုတိယရာသီဝက်ကို အက်စတွန်ဗီလာမှာ ရာသီဝက် အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။ နည်းပြ ရူဘင် အမော်ရင် ကလည်း ရက်ရှ်ဖို့ဒ်ရဲ့ ကြိုးစား အားထုတ်မှုကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ပြီး အဲဒီနောက် မှာတော့ ကစားသမားနဲ့ ကလပ် အကြား ဆက်ဆံရေးတွေ တော်တော်လေး ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။။
အခုတော့ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ အိမ်မက် အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့တာကြောင့် ပျော်ရွှင်နေပြီး ကတ်တာလန် ကလပ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က “ကျွန်တော့်ရဲ့ ရွေးချယ်မှုက လွယ်ကူခဲ့တယ်လို့ ခံစားရတယ်။ ဒါက မိသားစုဆန်တဲ့ ကလပ် ဖြစ်ပြီး ကျွန်တော် အရင်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ပုံစံမျိုးပါပဲ။ အိမ်လိုပဲ ခံစားရတယ်။ ဒီတော့ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် စတင်ဖို့ စိတ်လှုပ်ရှားနေပြီး ပထမဦးဆုံး ပွဲကို ကစားချင်နေပါပြီ။ ဒါက ကျွန်တော့် အတွက် ထူးခြားတဲ့ အခိုက်အတန့် တစ်ခုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ငယ်ဘ၀ ကလပ် ဖြစ်တဲ့ ယူနိုက်တက်မှာ မျက်နှာသာ မရခဲ့တဲ့ အခြေအနေနဲ့ ပတ်သတ်လို့တော့ သူ့အနေနဲ့ ဝေဖန် ပြောဆိုမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ယူနိုက်တက်နဲ့ အခြေအနေ ကတော့ ကလပ်က ပြောင်းလဲမှု ကာလကို ရောက်နေတာ ကြာပါပြီ။ မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး မကောင်းပြောစရာ ဘာတစ်ခုမှ ကျွန်တော့်မှာ မရှိပါဘူး။ ဒီအသင်းက ကျွန်တော့် ကစားသမားဘဝ အတွက်တင် မဟုတ်ပဲ ကျွန်တော့် ဘဝ တစ်ခုလုံး အတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့တယ်လို ထင်ပါတယ်။ သူတို့ အတွက် ကစားခွင့် ရခဲ့လို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘောလုံး ဆိုတာ ဘဝလိုပဲ၊ အရာရာတိုင်းက ကိုယ်ထင်သလို ရိုးရိုးရှင်းရှင်း ဖြစ်မလာပါဘူး။ ဒါက ကျွန်တော့်ရဲ့ နောက်ထပ် ခြေလှမ်းနဲ့ နောက်ထပ် အခန်းဆက်ပါပဲ။ ကျွန်တော် ဒီအပေါ်မှာ အပြည့်အဝ အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်နဲ့ အသင်းကို ဖလားတွေ ရအောင် ကူညီဖို့ ကြိုးစားနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လာလီဂါ ကလပ်မှာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်မှာ ဖြစ်ပြီး ဒီနံပါတ် ကိုတော့ ဘာစီလိုနာရဲ့ နာမည်ကျော်ဟောင်း သီယာရီ အွန်နရီ ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့လည်း ရက်ရှ်ဖို့ဒ်က “ဒီဂျာစီကို ဝတ်ဆင်ရတာ ဂုဏ်ယူစရာပါ။ ပြီးတော့ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ။ ဒီကလပ်ဟာ အနိုင်ရခြင်း အပေါ်မှာ အခြေတည်ထားတာ ဖြစ်ပြီး ကျွန်တော် ဒီသမိုင်းကို ထပ်မံ ဖြည့်ဆည်းဖို့ ဒီကို ရောက်ရှိလာတာပါ။ ဘာမဆို ရင်ဆိုင်ဖို အဆင်သင့်ဖြစ်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ ဘာစီလိုနာရဲ့ နည်းစနစ်ပိုင်းအရ ရက်ရှ်ဖို့ဒ်ဟာ ပထမဦးစားပေး ကစားသမား မဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့လည်း အင်္ဂလန်သားကို Supersub အဖြစ် အသုံးချသွားဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာ လာမင်း ယာမယ်၊ ရာဖင်ညာ၊ ရောဘတ် လီဝမ်ဒေါစကီး၊ ဖာရန်း တောရက်စ် တို့နဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ပြသခဲ့ပေမယ့် အရန် ကစားသမား အင်အားနည်းခဲ့ပါတယ်။ အခုတော့ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်နဲ့ အင်အား ဖြည့်တင်းခဲ့ပြီး လာမယ့် ရာသီ အတွက် တိုက်စစ်ပိုင်းက အဆင်သင့် ဖြစ်နေခဲ့ပြီလို့ပဲ ဆိုရပါမယ်။
အဲဒီနောက် သတင်းထောက်တွေက ဂယ်ရီ လိုင်နီကာဟာ ဘာစီလိုနာမှာ ၃ နှစ်ကြာ ကစားခဲ့စဉ် အတွင်း ၅၂ ဂိုး သွင်းယူခဲ့ပါတယ်။ သူ့လိုမျိုး စွမ်းဆောင်ပြနိုင်မလား ဆိုပြီး မေးမြန်းရာမှာတော့ ရက်ရှ်ဖို့ဒ် အခုလိုပဲ ဆက်လက် ဖြေကြားပေးခဲ့ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော် ဂိုးအများကြီး သွင်းနိုင်ပြီး ဘာစီလိုနာမှာ ကစားဖူးတဲ့ ဗြိတိန် ကစားသမားတွေ ထဲမှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော့် အတွက် အရေးကြီးဆုံးက ကျွန်တော်တို့တွေ အနိုင်ရဖိုပါပဲ။” လို့ ရက်ရှ်ဖို့ဒ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.