ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာ ကတော့ လာမင်း ယာမယ်ဟာ “ပါရမီရှင်” တစ်ဦး ဖြစ်ပြီးတော့ လက်ရှိ သူကစားနေတဲ့ နေရာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ယာမယ် ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါ ကလပ် အတွက် ၁၃ ဂိုး သွင်းယူကာ ၁၈ ဂိုး ဖန်တီးပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ် အရွယ် ကြယ်ပွင့်လေးက ဒီနွေရာသီ ခြေစမ်းပွဲကာလ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အတူ ဘာစီလိုနာ အတွက် ဂိုးတွေ ရယူပေးနေဆဲ ဖြစ်ပါတယ်။
ယာမယ်ဟာ အက်ဖ်စီ ဆိုးလ်ကို ၃-၇ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲချိန် ၄၅ မိနစ်သာ ဝင်ရောက် ကစားခဲ့ပြီးတော့ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လူငယ် ကြယ်ပွင့်လေးဟာ ဒီရာသီမှာ ကလပ်ရဲ့ နာမည်ကြီး ကျောနံပါတ် ၁၀ ကို အမွေဆက်ခံခဲ့ပြီး ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်း လီယွန်နယ် မက်ဆီနဲ့ ပိုမို နှိုင်းယှဉ်ခံလာရသူလည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ဥက္ကဌ လာပေါ်တာက ပပ် ဂွါဒီယိုလာ နည်းတူ ယာမယ်ကို ဘာစီလိုနာ ဂန္ထဝင်နဲ့ မနှိုင်းယှဉ်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန် ဆယ်ကျော်သက် ကစားသမားလေးဟာ ဘောလုံးကွင်းထဲမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာအောင် သူ့ရဲ့ ကိုယ်ပိုင် အမှတ်အသားကို တည်ဆောက်နေကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
လာပေါ်တာက CNN နဲ့ အင်တာဗျူးမှာ “လာမင်း ယာမယ်က လာမင်း ယာမယ် ဖြစ်ပြီး လီယို မက်ဆီ ကတော့ လီယို မက်ဆီပါ။ လီယို မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သလို လာမင်း ယာမယ် ကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား (သူ့နေရာနဲ့သူ) ဖြစ်ပါတယ်။ “မက်ဆီက အရာအားလုံးကို အနိုင်ယူခဲ့တယ်။ မက်ဆီက အရာအားလုံးကို လုပ်နိုင်ခဲ့တယ်။ ကျွန်တော့် အတွက် သမိုင်းမှာ အကောင်းဆုံး ကစားသမား ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကမ္ဘာပေါ် မှာတော့ ပါရမီရှင် အသစ်တွေ ဆက်လက် ပေါ်ထွက်လာပါတယ်။ အခုခေတ်မှာ ပေါ်လာတဲ့ ပါရမီရှင်အသစ်တွေက ပက်ဒရီ၊ ရာဖင်ညာနဲ့ လာမင်း ယာမယ် တို့လို ကစားသမားတွေပေါ့။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယာမယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကမှ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သူပါ။ သူဟာ နှစ်ရာသီ အတွင်းမှာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့ပြီး ၂၆ ဂိုး သွင်းကာ၊ ၂၈ ဂိုး ဖန်တီးပြီး အချိန်တိုတွင်း ထိပ်တန်းအဆင့်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်က ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာနဲ့ အတူ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့မှာ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။
ဆက်လက်ပြီး လာပေါ်တာက “လာမင်း အကြောင်း ဆက်ပြောရရင် သူက ဉာဏ်ကြီးရှင် ဖြစ်ပြီး ထိပ်တန်း အဆင့် ဖြစ်လို့ သူ့လို ကစားသမားတွေ သိပ်မရှိပါဘူး။ အရေးကြီးဆုံးက သူအသင်းမှာ ပျော်နေဖို့လို့ ကျွန်တော် ထင်ပါတယ်။ သူရဲ့ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ အဆင်ပြေပြေ ဘောလုံး ကစားနိုင်ဖို့နဲ့ ကွင်းပြင်ပမှာ ပုံမှန်ဘဝနဲ့ နေထိုင်ရတာကို နှစ်သက်တဲ့ ကောင်လေး တစ်ယောက် ဖြစ်ဖို့က အရမ်းပဲ အရေးကြီးပါတယ်။ သူအနေနဲ့ ပရော်ဖက်ရှင်နယ် ဆန်ပြီး အကောင်းဆုံး ဖြစ်ဖို့၊ ထိပ်တန်း ဖြစ်ဖို့၊ ကြံ့ခိုင်ဖို့ လိုပါတယ်။ လေ့ကျင့်ဖို့လည်း လိုတယ်။ နည်းပြနဲ့ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အကြံပေးချက်တွေကို လိုက်နာဖို့ လိုတယ်။ ဘောလုံးကစားရတာကို နှစ်သက်တယ်လို့ ခံစားရဖို့လည်း လိုပါတယ်။ ဒါတွေက အခြေခံအားဖြင့်တော့ ပျော်ဖို့ ကောင်းပါတယ်။” လို့ လာပေါ်တာက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.