အန်တွန် ဂရစ်ဇ်မန်း ကတော့ အက်တလက်တီကိုမက်ဒရစ် အတွက် သွင်းဂိုး ၂၀၀ ပြည့်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဂရစ်ဇ်မန်း အနေနဲ့ ဖရန့်ဖတ်ကို ၅-၁နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ၁ ဂိုး သွင်းနိုင်ခဲ့ပြီးနောက် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၅-၂ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ တီကိုက ၃ ရက်အကြာမှာ ကစားရတဲ့ အခုပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ နောက်ထပ် နိုင်ပွဲ ထပ်ရခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ဂရစ်ဇ်မန်းက တီကို အတွက် ပဉ္စမမြောက် ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အက်တလက်တီကိုမက်ဒရစ်က ဂျာမန် ကလပ် ဖရန့်ဖတ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီးတော့ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့ အတူ ရုန်းကန်နေခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အက်တလက်တီကို မက်ဒရစ်က ပုံစံကောင်း တစ်ခုနဲ့ အတူ ဂိုးပြတ်နိုင်ပွဲတွေ ဆက်နေခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ် အဖွင့်ပွဲမှာ လစ်ဗာပူးလ်ကို ၃-၂ နဲ့ ရှုံးထားတဲ့ အက်တလက်တီကိုက ပွဲစဉ် ၂ မှာတော့ နိုင်ပွဲ စတင်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အက်တလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၆ နေရာကိုလည်း ယာယီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ် ပြင်သစ် တိုက်စစ် ကစားသမား အန်တွန် ဂရစ်ဇ်မန်းက လက်ရှိမှာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်း ပြီးနောက် ဂိုးအများဆုံး သွင်းထားသူတွေ ကတော့ လူးဝစ္စ အာရာဂိုးနက်စ် (၁၅၉ ဂိုး)၊ အက်ဒရီယန် အက်စ်ကူဒီရို (၁၅၃ ဂိုး)၊ ဖာနန်ဒို တောရက်စ် (၁၂၉ ဂိုး)နဲ့ ဂါရတ်တီ (၁၂၇ ဂိုး) တို့ပဲ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ လာလီဂါ ကလပ် အတွက် ပွဲပေါင်း ၄၅၄ ပွဲ ကစားပြီး သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာ ဖြစ်ကာ ၁၇၁ မိနစ်တိုင်းကို ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂိုး ၂၀၀ ပြည့် သွင်းဂိုးကို ရယူပြီးချိန်မှာတော့ အန်တွန် ဂရစ်ဇ်မန်းက “ဂရစ်ဇီ” ဆိုတဲ့ သူ့ရဲ့ နာမည်ပြောင်နဲ့ အတူ “၂၀၀” ဆိုတဲ့ စာကို ရေးထိုးထားတဲ့ အင်္ကျီကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂရစ်ဇ်မန်းက “အခုလို အမှတ်အသားကို ရောက်ရှိလာတဲ့ အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပြီး အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဒါဟာ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ရီးရဲလ်ဆိုစီဒက်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ တို့လို စပိန် ကလပ်တွေမှာပဲ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဆိုစီဒက်မှာ ပွဲပေါင်း ၂၀၁ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းခဲ့သလို ဘာစီလိုနာ မှာတော့ ၁၀၂ ပွဲ ကစားပြီး ၃၅ ဂိုး သွင်းယူခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ပထမတစ်ကြိမ်မှာ ပွဲပေါင်း ၂၅၇ ပွဲ ကစားက ၁၃၃ ဂိုး သွင်းယူခဲ့ပြီး ဒုတိယအကြိမ် မှာတော့ ၁၉၇ ကစားကာ ၆၆ ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ လာမယ့် လာလီဂါ ပွဲစဉ်တွေ အဖြစ် ဆဲလ်တာဗီဂို၊ အိုဆာဆူနာ တို့နဲ့ ကစားရမှာပါ။ အဲဒီ ပွဲတွေ အပြီးမှာတော့ အာဆင်နယ်နဲ့ ခက်ခဲတဲ့ ချန်ပီယံလိဂ် ပွဲကြပ် ကစားရမှာ ဖြစ်ပါတယ်
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.