ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ အင်တာမီလန် အတွက်ရော ပီအက်စ်ဂျီ အတွက်ပါ ခက်ခဲလိမ့်မယ်လို့ သုံးသပ် ပြောကြားလာခဲ့ပါတယ်။ အန်နရီကေးရဲ့ ပီအက်စ်ဂျီဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းလာခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ဗိုလ်လုပွဲ တက်လာတဲ့ အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အန်နရီကေးဟာ ပြိုင်ဘက် အင်တာမီလန်ကို အတွေ့အကြုံ ပိုများတဲ့ အသင်း အဖြစ် လက်ခံထားပြီး ဗိုလ်လုပွဲဟာ နှစ်သင်းစလုံး အတွက် ခက်ခဲမှာ ဖြစ်ကြောင်း အခုလို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အန်နရီကေးက “အင်တာက ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများသလို အသက်ကြီးတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆုဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော်တို့ အသင်းက ဗိုလ်လုပွဲ အတွက် စိတ်ဓာတ်ပိုင်းလည်း အဆင်သင့် ဖြစ်နေမှာပါ။ အဲဒီပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့ အတွက်လည်း တူညီတဲ့ ဗိုလ်လုပွဲ ဖြစ်လာမှာပါ။ ဒါက နှစ်သင်းစလုံး အတွက် အရမ်းပဲ ခက်ခဲပြီး စိတ်ဝင်စားစရာ ကောင်းမယ့် ဗိုလ်လုပွဲပါ။ ကျွန်တော် တို့နဲ့ သူတို့ အတွက် ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ သူတိုက သုံးနှစ် အတွင်းမှာ ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်နိုင်တာ ဖြစ်လို့ ထိပ်တန်း အသင်း ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အတွက် အစီအစဉ်ဆွဲဖို့ အချိန် ရှိနေပါသေးတယ်။” လို့ ဆိုပါတယ်။
လီဂူးဝမ်း ထိပ်သီး တို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ လိဂ်အဆင့် အစောပိုင်းမှာ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း မန်စီးတီးကို အိမ်ကွင်း၌ ဂိုးပြတ် အနိုင်ရခဲ့သလို ၁၆ သင်း အဆင့်မှာ ခြေစွာနေတဲ့ လစ်ဗာပူးလ်၊ ကွာတားဖိုင်နယ်မှာ အက်စတွန်ဗီလာနဲ့ ဆီမီးဖိုင်နယ် မှာတော့ ရေပန်းစားနေတဲ့ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို အကောင်းဆုံး ကျော်ဖြတ်ကာ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာ အင်တာမီလန် ကတော့ ဖီယင်နော့ဒ်၊ ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာလို အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ ၄ သင်းထဲမှာ အင်တာမီလန်က ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမှု နောက်ဆုံးမှာ ရှိခဲ့ပေမယ့်လည်း ဘာစီလိုနာကို နှစ်ကျော့စလုံး မထင်မှတ်ထားတဲ့ ခြေစွမ်းတွေနဲ့ ရင်ဆိုင်ကာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်ရဲ့ အားသာချက် ကတော့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အတူ ခံစစ်ပိုင်း ကျစ်လျစ်စွာ ကစားတတ်ပြီး အချိန်မရွေး တိုက်စစ်ဆင်ကာ ဂိုးရအောင် ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ ဖေဘီယန် ရူအစ်ဇ်၊ ဗစ်တင်ညာ၊ ယာအို နီးဗက်စ်တို့ ရှိနေတဲ့ ကွင်းလယ်ပိုင်းက တော်တော်လေး တောင့်တင်းသလို အူစမန်နီ ဒမ်ဘီလီ၊ ခါဗရာစခီလီယာ၊ ဒူရေး တို့လို တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲမှာတော့ ချလနောဂလူ၊ မက်ခီတာရန်၊ ဘာရယ်လာ တို့ရှိနေတဲ့ ကွင်းလယ်ကို ပီအက်စ်ဂျီ ကွင်းလယ်ပိုင်းက အသာရသွားနိုင်ပါ့မလား ဆိုတာတော့ သံသယ ဖြစ်စရာ ရှိပါတယ်။ နောက်တစ်ချက်က အန်နရီကေး ပြောသလိုပဲ အင်တာမီလန်ဟာ ပီအက်စ်ဂျီထက် ချန်ပီယံလိဂ်မှာ အတွေ့အကြုံ ပိုရင့်သလို ဆုဖလား ပွဲတွေ ကိုလည်း ဘယ်လို ကိုင်တွယ် ကစားရမယ် ဆိုတာ သိနေတဲ့ အသင်း ဖြစ်ပါတယ်။
မည်သို့ပင် ဆိုစေကာမူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ လာမယ့် မေလ ၃၁ ရက်နေ့ ဘေယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်းယန့် အရီနာမှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ မြူးနစ်မှာ ကျင်းပတိုင်း ချန်ပီယံသစ် ပေါ်ထွက်တတ်တဲ့ အစဉ်အလာ အတိုင်း ဖြစ်လာမလား ဒါမှမဟုတ် အင်တာမီလန် ကပဲ သူတို့ အတွက် ၄ ကြိမ် မြောက် ဖြစ်လာနိုင်မယ့် ဥရောပ သရဖူကို သိမ်းပိုက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.