ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာပြီးပြီးချင်းမှာ ဂိုးပါဝင် ပတ်သတ်မှု ပြုလုပ်နိုင်ခဲ့တဲ့ လာမင်း ယာမယ် အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ယာမယ်ဟာ ရီးရဲလ်ဆိုစီဒက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ ဘာစီလိုနာဟာ ဧည့်သည် အသင်း ဘက်က အိုဒရီယိုဇိုလာရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ထောင့်ကန်ဘော ကနေ ဂျူးလ်စ် ကွန်ဒေးက ခေါင်းတိုက်ပြီး ချေပဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း ၅၈ မိနစ်မှာ လာမင်း ယာမယ် လူစား ဝင်ရောက်လာခဲ့ပြီး တစ်မိနစ် အကြာမှာပဲ ရောဘတ် လီဝမ်ဒေါစကီးရဲ့ သွင်းဂိုး အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ယာမယ်ဟာ ပေါင်ခြံ ဒဏ်ရာကြောင့် ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပွဲစဉ် ၄ ပွဲ အထိ လွဲချော်ခဲ့ပြီး မနေ့ညက ပွဲမှ လူစားဝင် ကစားသမား အဖြစ် ပြန်လည် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ် ယာမယ်ဟာ လူစားဝင်လာပြီး ၆၂ စက္ကန့် အကြာမှာပဲ အသင်း အပေါ် သက်ရောက်မှု ကြီးမားစေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အပေါ် ဟန်ဆီ ဖလစ်ခ်က “ကျွန်တော်တို့ သူ့ကို ပြန်ရလို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ အားလုံး ဝမ်းသာနေပါတယ်။ သူ့မှာ ရှိတဲ့ ထူးချွန် ထက်မြက်မှုတွေ ခွန်အားတွေကို ပြသခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးဖို့ နောက်ဆုံး အဆင့်ကို ကျော်ဖြတ်ဖို့ လုံလောက်ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းပဲ ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့် အသင်း ကစားပုံနဲ့ သူတို့ရဲ့ ကြိုးစား အားထုတ်မှု အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။

ယာမယ် ကတော့ ကလပ်နဲ့ နိုင်ငံ အသင်း အတွက် နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၁၈ ဂိုး (၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်) ပါဝင် ပတ်သတ်နိုင်ခဲ့ပါတယ်။ ယာမယ်ဟာ ဒဏ်ရာကြောင့် အနားယူနေချိန်မှာ ဘယ်လွန်ဒေါဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆု (Kopa Trophy) ကို နှစ်နှစ် ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ အဆင့် ၂ နေရာ ကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
ရီးရဲလ် ဆိုစီဒက် နည်းပြ ဆာဂျီယို ဖရန်စစ္စကို ကတော့ ပွဲအပြီးမှာ အသက် ၁၈ နှစ်သားကို “ကမ္ဘာ့အကောင်းဆုံး” အဖြစ် သတ်မှတ် ချီးကျူးခဲ့ပါတယ်။ “ကွင်းထဲမှာ လာမင်း တစ်ယောက် ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူ့ကို ကာကွယ်ဖို့ အရန်ခုံ ကနေ ကစားသမားသစ်တွေ ထည့်လိုက်ရင်တောင်မှ တားဆီးဖို့က အရမ်းပဲ ခက်ခဲပါတယ်။ သူကစားတာကို ကြည့်ရတာ အရမ်း ကောင်းပါတယ်။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်ကြောင်းကို ထပ်မံ သက်သေပြနိုင်ခဲ့ပါတယ်။ သူက အရန်ခုံပေါ် ကနေ ပွဲကို ဆုံးဖြတ်ပေးခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ အခုပွဲကို အနိုင်ရရှိခဲ့တာကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့ပါတယ်။ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ခြေစွမ်းနဲ့ အတူ ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိသေးတဲ့ အသင်း အဖြစ် ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.