ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားပြီး သုံးစွဲငွေ ကလည်း ပေါင် သန်း ၂၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က သူတို့ရဲ့ Squad Depth ကို ဆက်မြှင့်ချင်နေသေးတာကြောင့် တိုက်စစ်မှူး အသစ် ရှာဖွေမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။
အာနေး ဆလော့တ်ရဲ့ အသင်းက လာမယ့် ရာသီ မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင်နိုင်မယ့် ကစားသမား တစ်ဦး အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မာဆေးလ်ဆိုက်ဒ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ကတည်းက နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ လက်ရှိ အချိန်ထိလည်း ဆွီဒင်သားက လစ်ဗာပူးလ်ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပေမယ့် နယူးကာဆယ် ဘက်ကတော့ သူတို့ ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူဖို့တော့ ခက်ခဲနေရပါတယ်။
ဒါကြောင့် လစ်ဗာပူးလ်က တခြားသော တိုက်စစ်မှူးတွေကို ပြောင်းလဲ ပစ်မှတ်ထားနေရပြီး ဖရန့်ဖတ်က ဟူဂို အစ်ကီတီကီ ကိုလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သား အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေးက များပြားလွန်းနေတာကြောင့် လစ်ဗာပူးလ်တို့ လက်တွန့်နေပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဖလော်ရီယန် ဝစ်ဇ် တစ်ဦးတည်းနဲ့တင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးကို သုံးထားပြီး ဖြစ်တာကြောင့် နောက်ထပ် မြင့်မားတဲ့ ငွေကြေး တစ်ရပ်ကို ထပ်မံ သုံးစွဲဖို့တော့ အစီအစဉ် မရှိပါဘူး။ ဒါ့အပြင် နယူးကာဆယ် ကလည်း တောက်လျောက် ချဉ်းကပ်မှုတွေ ရှိနေတာကြောင့် လစ်ဗာပူးလ်တို့ အစ်ကီတီကီ အတွက် အပြိုင်မလုချင်တဲ့ အခြေအနေမျိုး မြင်တွေ့နေရပါတယ်။

ဒါကြောင့် လစ်ဗာပူးလ်က ဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ အသင်း အတွက် သက်ရောက်မှု ကြီးမားနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေပြီး အခု ဆိုရင်တော့ ခရစ္စတယ်ပဲလေ့စ်က ဂျင်းန် ဖီးလစ် မက်တေးတားနဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပြင်သစ် မီဒီယာတွေရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ မက်တေးတားနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး မကြာခင်မှာ ပဲလေ့စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။
ပြင်သစ်သား ကတော့ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ပရီးမီးယားလိဂ်ရဲ့ အန္တရာယ် အရှိဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်ခဲ့သူပါ။ မက်တေးတားဟာ ပဲလေ့စ် အတွက် ပွဲပေါင်း ၇၂ ပွဲ ကစားခဲ့ရာမှာ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့တဲ့ Underrated Striker တစ်ဦး ဖြစ်ပါတယ်။ Foot Mercato သတင်းစာ ကတော့ လစ်ဗာပူးလ်ဟာ မက်တေးတားရဲ့ ခြေစွမ်းတွေကို အလွန်သဘောကျလျက်ရှိတယ် လို့တောင် ဖော်ပြထားပါတယ်။အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်တေးတားကို ခေါ်ယူဖို့ လစ်ဗာပူးလ် တာဝန်ရှိသူတွေဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ ပြင်သစ်နိုင်ငံ ပါရီမှာ တွေ့ဆုံမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မက်တေးတားဟာ ပဲလေ့စ်နဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတာကြောင့် လန်ဒန် ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖွယ် မရှိပါဘူး။ သတင်းတွေအရ ဆိုရင် ပဲလေ့စ်က မက်တေးတားကို ပေါင် သန်း ၅၀ ကျော်လောက်နဲ့ လက်လွှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း မက်တေးတားကို မန်ချက်စတာယူနိုက်တက်က ကာလရှည်ကြာ စိတ်ဝင်စားခဲ့ဖူးပြီး တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ခဲ့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.