ဒီကနေ့ မနက်အစောပိုင်း မှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၄ ပွဲ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ ဘင်ဖီကာနဲ့ ချဲလ်ဆီးတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပါတယ်။ အချိန်ပိုင်း ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ နယူးဇီလန် ကလပ် အုတ်ကလန်စီးတီး ကတော့ အာဂျင်တီးနား ထိပ်သီး ဘိုကာဂျူနီယာကို အနိုင်ကစားခဲ့သလို ဘင်ဖီကာ ကလည်း ဘေယန်မြူးနစ်ကို အနိုင်ကစားကာ အုပ်စုဗိုလ် နေရာကို ရယူနိုင်ခဲ့ပါတယ်။
အုတ်ကလန်းစီးတီး ၁-၁ ဘိုကာဂျူနီယာ
စုစုပေါင်း ပေးဂိုး ၁၆ ဂိုးနဲ့ အဖွင့် နှစ်ပွဲဆက် ရှုံးနိမ့်ထားတဲ့ အုတ်ကလန်းစီးတီး ကတော့ နောက်တစ်ဆင့် တက်ဖို့ မဖြစ်နိုင်တော့ ဘိုကာဂျူနီယာကို သရေခံကစားရင်း သိက္ခာဆယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘိုကာဂျူနီယာဟာ တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၄၁ ကြိမ် ရှိခဲ့ပြီး ၁၀ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမယ့် သွင်းဂိုး ကတော့ ၁ ဂိုးပဲ ရခဲ့တာပါ။ ဒါတောင် ပြိုင်ဘက် ဂိုးသမားရဲ့ OG နဲ့ ရခဲ့တာ ဖြစ်ပါတယ်။ အုတ်ကလန်းစီးတီး အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ နောက်ခံလူ ဂရေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အုတ်ကလန်းစီးတီးရဲ့ ၅ ယောက်တန်း ခံစစ်က ဒီနေ့ပွဲမှာတော့ အလုပ်ဖြစ်သွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ပွဲအပြီးမှာတော့ နှစ်သင်းစလုံး ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဆင့် ကနေပဲ လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။
ဘင်ဖီကာ ၁-၀ ဘေယန်မြူးနစ်
ဒီပွဲဟာ အုပ်စုဗိုလ် နေရာ အဆုံးအဖြတ် ဖြစ်ခဲ့ပြီး ဘင်ဖီကာက လူငယ် တောင်ပံ ကစားသမားလေး ရှာဂျယ်ဒါရပ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တချို့ကလည်း ဘေယန်မြူးနစ်က ချဲလ်ဆီးကို ရှောင်ချင်တာကြောင့် ရှော်ကစားသွားတယ်လို့ ဆိုပေမယ့် တကယ်တမ်း ခြေစွမ်းအရလည်း ဘင်ဖီကာက ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘေယန်မြူးနစ် ကတောင် ဂိုးပေါက် ကန်ချက်၊ ဘောလုံး ပိုင်ဆိုင်မှုနဲ့ တခြားသော အချက်အလက်တွေမှာ သာခဲ့ပြီး ဘင်ဖီကာ ကတော့ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဘင်ဖီကာက အုပ်စု C မှာ ၃ ပွဲ ကစား ၇ မှတ်နဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့ပြီး ဘေယန်မြူးနစ် ကတော့ ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာ ရခဲ့ပါတယ်။ ဒါကြောင့် ရှုံးထွက်အဆင့်မှာ ဘင်ဖိကာက ချဲလ်ဆီးနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ ဘရာဇီးလ် ကလပ် ဖလာမင်ဂိုနဲ့ တွေ့ဆုံနေပါတယ်။ တကယ်တမ်း ကြည့်မယ် ဆိုရင်တော့ ဘေယန်မြူးနစ်ရဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် လမ်းကြောင်း ရွေးချယ်မှုက ထင်သလောက် လွယ်ကူဖို့ မရှိပါဘူး။
အက်စ်ပီရန်စီ ၀-၃ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ပွဲမှာ ဖလာမင်ဂိုကို ဂိုးပြတ် ရှုံးခဲ့လို့ ရှုံးထွက်တက်ရေး ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ အက်စ်ပီရန်စီ ကျူးနစ် ကလည်း မျှော်လင့်ချက် ခပ်ရေးရေး ကျန်ရှိနေသေးတဲ့ အတွက် ချဲလ်ဆီးကို အသာရဖို့ ကြိုးစားခဲ့ပေမယ့် မျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ချဲလ်ဆီးဟာ အဘက်ဘက်မှာ အသာစီးနဲ့ တူနီးရှား ကလပ်ကို ကစားသွားခဲ့ပြီး တိုဆင်၊ လီယမ် ဒီလက်ပ်၊ ဂျော့ဂျ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ လီယမ် ဒီလက်ပ် အနေနဲ့လည်း ချဲလ်ဆီးနဲ့ ၃ ပွဲ ကစားပြီးချိန်မှာ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက ရှုံးထွက်အဆင့်မှာ အုပ်စု C က အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ ဘင်ဖီကာနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ကာ အက်စ်ပီရန်စီ ကျူးနစ် ကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
အဲလ်အေအက်ဖ်စီ ၁-၁ ဖလာမင်ဂို
ရှုံးထွက်အဆင့်ကို တက်ရောက်ထားခဲ့ပြီး ဖြစ်တဲ့ ဖလာမင်ဂို ကတော့ သက်တောင့်သက်သာ ကစားရင်း အဲလ်အေအက်ဖ်စီကို သိက္ခာဆယ်လို့ ရအောင် အမှတ်ခွဲပေးသွားပါတယ်။ အဲလ်အေအက်ဖ်စီ အတွက် ဂိုးကို ပွဲချိန် ၈၄ မိနစ်မှာ ဘူအန်ဂါက သွင်းယူပေးခဲ့ပြီး ဖလာမင်ဂို အတွက် ယန်က ၈၆ မိနစ်မှာ ပြန်လည် ချေပခဲ့ပါတယ်။ ပွဲအပြီးမှာ ဖလာမင်ဂိုက ၃ ပွဲ ကစားရမှတ် ၇ မှတ်နဲ့ ရှုံးထွက်တက်ခဲ့ပြီး ဘေယန်မြူးနစ်နဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီ ကတော့ ရမှတ် ၁ မှတ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှုတ်ဆက်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.