PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင် စာရင်းလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆုကိုတော့ ကစားသမားအချင်းချင်း မဲပေးရွေးချယ်တာ ဖြစ်ပြီးတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အသင်း PFA ကနေ နှစ်စဉ် ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။
ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမားတွေ ကတော့ လစ်ဗာပူးလ်က အလက်ဆစ် မက် အယ်လစ္စတာနဲ့ မိုဟာမက် ဆာလာ၊ မန်ချက်စတာယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်၊ အာဆင်နယ်က ဒီကလန် ရိုက်စ်၊ ချဲလ်ဆီးက ကိုးလ် ပါးလ်မား၊ နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ် တို့ပဲ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆန်ကာတင် ကစားသမားတွေရဲ့ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေကို ပြန်ကြည့်မယ် ဆိုရင်တော့…
အလက်ဆစ် မက် အယ်လစ္စတာ (လစ်ဗာပူးလ်)
အာဂျင်တီးနား ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာ ကတော့ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီးတော့ ၇ ဂိုး သွင်းကာ၊ ၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ မက်အယ်လစ္စတာဟာ လစ်ဗာပူးလ် အတွက် နှစ်ရာသီ ဆက်တိုက် ဂိုး+ဖန်တီးမှု ၁၃ ကြိမ်နဲ့ အထက် ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပြီး အာနေး ဆလော့တ်ရဲ့ ကွင်းလယ်ပိုင်း အတွက် အဓိကကျခဲ့သူ ဖြစ်ပါတယ်။ မက် အယ်လစ္စတာက လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု အောင်မြင်မှု ရရှိခဲ့ပေမယ့် ဒီဆုကို ရရှိဖို့တော့ ရာခိုင်နှုန်း နည်းပါတယ်။
မိုဟာမက် ဆာလာ (လစ်ဗာပူးလ်)
ဆာလာဟာ လစ်ဗာပူးလ်နဲ့ ကြယ်ပွင့် ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၃၄ ဂိုး သွင်းယူကာ ၂၃ ဂိုး ဖန်တီးခဲ့ပါတယ်။ အီဂျစ်သားဟာ ဒီနှစ် ဘယ်လွန်ဒေါဆု အတွက်လည်း ရေပန်းအစားဆုံး ကစားသမား ၅ ဦး စာရင်းမှာ ပါဝင်နေသလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ အားကစား ကလောင်ရှင်တွေက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေ ကိုလည်း ရရှိထားပါတယ်။ ၂၀၁၇-၂၀၁၈နဲ့ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီတွေမှာ ဒီဆုကို ၂ ကြိမ် ရရှိထား ဆာလာဟာ ဒီနှစ် အတွက် PFA ရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ထပ်မံ ရရှိဖို့လည်း ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အကယ်၍ ဆာလာသာ ဒီဆုကို ထပ်မံ ရရှိမယ် ဆိုရင်တော့ ၂ ကြိမ်စီ ရရှိထားဖူးတဲ့ မာ့ခ် ဟူ့ဂျ်၊ အလန်ရှီးယား၊ ဘေးလ်၊ ကီဗင် ဒီဘရွန်းနား တို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)
ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ် ကတော့ သူ့ရဲ့ အသင်းက ဆိုးရွားတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည် အပိုင်း မှာတော့ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၉ ဂိုး သွင်းကာ ၁၈ ဂိုး ဖန်တီးခဲ့ပြီး အသင်းကို တတ်နိုင်သမျှ ဆွဲတင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ရည်ကြောင့်ပဲ ယူနိုက်တက်က ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့တာကြောင့် အရာမထင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အချက်အလက်တွေအရ ဆိုရင်တော့ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနှစ် အတွက် PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိနိုင်ခြေ ရှိနေပါသေးတယ်။
ဒီကလန် ရိုက်စ် (အာဆင်နယ်)

ဒုတိယလူ အာဆင်နယ် အတွက် ပြီးခဲ့တဲ့ရာသီက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့သူက ဒီကလန် ရိုက်စ်ပါပဲ။ ရိုက်စ်ဟာ အာဆင်နယ်ကို ရောက်ရှိခဲ့တဲ့ ဒုတိယရာသီမှာ ပထမရာသီထက် ပိုပြီး တိုးတက်လာတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီးတော့ ပြိုင်ပွဲစုံမှာ ၉ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးခဲ့ပါတယ်။ ရိုက်စ်ဟာ အာဆင်နယ် အတွက် တစ်ရာသီ အတွင်း ပွဲပေါင်း ၅၂ ပွဲ အထိ ကစားပေးခဲ့ရပြီးတော့ ဂန်းနားတို့ရဲ့ ကွင်းလယ် အတွက် မရှိမဖြစ်ပါပဲ။ ဒါပေမယ့်လည်း ဒီဆုကို ရရှိဖို့တော့ ဖြစ်နိုင်ခြေ နည်းနေပါတယ်။
ကိုးလ် ပါးလ်မား (ချဲလ်ဆီး)
ပါးလ်မားဟာ ၂၀၂၃-၂၀၂၄ ရာသီ ကထက် စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားပေမယ့် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားရာမှာ ၁၅ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပြီး ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို ရယူပေးနေဆဲ ဖြစ်တဲ့ အင်္ဂလန်သား အနေနဲ့ စွမ်းဆောင်ရည်အရ ဒီဆုရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်ပေမယ့် အချက်အလက်တွေ အရ ဆုရရှိနိုင်ခြေတော့ နည်းနေပါတယ်။
အလက်ဇန္တား အိဆက်ခ် (နယူးကာဆယ်)
နယူးကာဆယ်ကို ရောက်ရှိပြီးနောက် ၃ ရာသီမြောက်မှာ အလက်ဇန္တား အိဆက်ခ်ရဲ့ အတိုးတက်ဆုံး အခြေအနေကို မြင်တွေ့နေရပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီးတော့ ၂၇ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပြီး ဒီစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေကြောင့် ဒီဆန်ကာတင် စာရင်းမှာ မဖြစ်မနေ ရွေးချယ်ရမှာ မှန်ပေမယ့် ဆုရရှိဖို့တော့ ဆာလာ၊ ဘရူနို ဖာနန်ဒက်စ် တို့လောက် ရေပန်းစားခြင်း မရှိနေပါဘူး။
ဒီဆုကိုတော့ လာမယ့် ဩဂုတ်လ ၁၉ ရက်နေ့မှာ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပြီးတော့ မနှစ်ကတော့ မန်စီးတီး ကစားသမား ဖီးလ် ဖိုဒန်က ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.