မန်ချက်စတာစီးတီး အနေနဲ့ ဒီရာသီမှာ အသင်းမှာ ရှိတဲ့ အဆင့်အတန်း အတိုင်း မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက ဖွင့်ဟလာခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပဲ အဓိက ပစ်မှတ်ထား ယှဉ်ပြိုင်နေရသလို ဆုဖလား အောင်မြင်မှု အတွက်လည်း အက်ဖ်အေဖလား ကိုပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။
ITV Sport ရဲ့ အင်တာဗျူး မေးမြန်းသူက မန်စီးတီးဟာ ဒီဘက် နှစ်ပိုင်းတွေမှာ အမြဲတမ်း ဖလားရနေတဲ့ အသင်း ဖြစ်ပေမယ့် ဒီရာသီ မှာတော့ အရင်ရာသီတွေနဲ့ မတူတဲ့ ပုံစံနဲ့ မြင်ခဲ့ရတာကြောင့် ဘာတွေ သင်ယူခဲ့ရသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဘာနာဒို ဆေးလ်ဗားကို မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သတ်လို့ ဘာနာဒို ဆေးလ်ဗားက “ဘာတွေ သင်ယူခဲ့ရတယ် ဆိုပြီးတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လ အနည်းငယ် အတွင်းမှာ ကျွန်တော်တို့ တွေးထားသလို ဖြစ်မလာခဲ့ဘူး ဆိုတာ ကတော့ အထင်အရှားပါပဲ။ ဒါပေမယ့် တစ်ရာသီလောက်တော့ အခုလို ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့က အမြင့်ဆုံး အဆင့်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့တဲ့ အသင်းလေ။ ၂၀၂၀ တုန်း ကလည်း ကျွန်တော်တို့ အခုလိုပဲ ဆိုးရွားတဲ့ ရာသီ တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီနှစ်က လစ်ဗာပူးလ် ပရီးမီးယားလိဂ် ဖလား ရတဲ့ နှစ်ပေါ့။ ကျွန်တော် မန်စီးတီးကို ရောက်လာပြီးနောက် အဲဒီနှစ်က ပရီးမီးယားလိဂ်နဲ့ ပထမဦးဆုံး စလွဲခဲ့ပြီး အခုနှစ်မှာ ထပ်ဖြစ်တာပါ။

ဆက်လက်ပြီး ဆေးလ်ဗားက “ကျွန်တော် တို့ရဲ့ အဆင့်အတန်းအတိုင်း ဒီရာသီမှာ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒီ အတွက်လည်း ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရပြီး အက်ဖ်အေဖလားရခဲ့ရင်တောင် ဒီရာသီက ကျွန်တော်တို့ အတွက် ရာသီကောင်း တစ်ခုလို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ရဲ့ အဆင့်အတန်းက အဲဒါထက် အများကြီး ပိုပြီးမြင့်တယ်လေ။ ပရီးမီးယားလိဂ်ကို လက်လွှတ်လိုက်ရပေမယ့် အနည်းဆုံးတော့ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နိုင်ရမယ်လေ။ ဒီရာသီမှာတော့ ကျွန်တော်တို့ တိုက်ပွဲတောင် မဝင်နိုင်ခဲ့ဘူး။ အဲဒီ အတွက် ကျွန်တော်တို့ အတွက် မပျော်ဘူး။ ချန်ပီယံလိဂ်မှာ လည်း အဲဒီလိုပါပဲ။ ဒီတော့ အခုအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတွက် ဒီရာသီက ကောင်းမွန်တဲ့ ရာသီ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် မန်စီးတီး အနေနဲ့ လာမယ့် ရာသီ အတွက် ဘာတွေ ပြင်ဆင်ထားသလဲလို့ မေးမြန်းရာမှာတော့ “ဆိုးရွားတဲ့ ရာသီနဲ့ ကြုံတွေ့ရပြီးနောက် မှာတော့ အတွေးတွေက များတာပါပဲ။ ဘောလုံးမှာ ပြန်လည် တည်ဆောက်တာက အစိတ်အပိုင်း တစ်ခု ဖြစ်ပြီးတော့ အတိတ် မှာလည်း ဒါမျိုး လုပ်ခဲ့ကြတာပါပဲ။ ကွန်ပနီတို့၊ ယာယာတိုရေးတို့၊ ဒါးဗစ် ဆေးလ်ဗားတို့၊ အဂွဲရိုးတို့ ထွက်သွားခဲ့ကြတာပါပဲ။ အခုလည်း မျိုးဆက် တစ်ခု ပြီးတော့ နောက်မျိုးဆက် တစ်ခု ဖြစ်လာမှာပေါ့။ လူငယ်ကစားသမားတွေ အနေနဲ့ အရင်တုန်းကလို ကစားသမားတွေလိုမျိုး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အများကြီး ပေးဆပ်နိုင်သေးတယ်လို့ ထင်နေတုန်းပါပဲ။ နောက်ရာသီမှာ စောင့်ကြည့်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကိုယ့်ကို ယုံကြည်မှု ရှိပါတယ်။ မန်စီးတီး အတွက် မျှော်လင့်ချက်တွေက မြင့်မားလွန်းပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ဆုံး ၈ ရာသီမှာ ကျွန်တော်တို့ ၆ ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါက မဆိုးပါဘူး။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ အခုအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကိုယ်တိုင် ကြိုးစားရပါမယ်။ နည်းပြရော၊ ကစားသမားတွေရော၊ ဝန်ထမ်းတွေရောပေါ့။ နောက်ရာသီမှာ ကျွန်တော်တို့ ပြန်လာနိုင်မှာ သေချာပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ မန်ချက်စတာစီးတီးက ရမှတ် ၆၁ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးဟာ အဆင့် ၂ နေရာက အာဆင်နယ်နဲ့ ၇ မှတ်၊ အဆင့် ၃ နေရာက နယူးကာဆယ်နဲ့ ၁ မှတ် ကွာဟနေပေမယ့် အဆင့် ၆ နေရာက နော့တင်ဟမ်ဖောရက်စ်နဲ့တော့ ၁ မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.