ဘရန့်ဖို့ဒ် ၂-၀ ဝက်စ်ဟမ်း
မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ် မှာတော့ အိမ်ရှင် အသင်းက အမ်ဘူအမ်မို၊ အိုင်ဗန် တိုနေး တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ လန်ဒန်မြို့ခံ ပြိုင်ဘက် အချင်းချင်း တွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်ပေမယ့် မျှော်လင့်ထားသလောက် အပြန်အလှန် မရှိခဲ့သလို ဝက်စ်ဟမ်းရဲ့ ပွဲပန်းနေမှုကြောင့်လည်း ဘရန့်ဖို့ဒ်တို့ အလွယ်တကူ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ၄-၃-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရာယာ၊ နောက်တန်းမှာ ဟင်နရီ၊ ပင်နော့ခ်၊ ဂျော်ဂျန်ဆန်၊ အယား၊ ကွင်းလယ်မှာ နောဂတ်၊ အဲရစ်ခ်ဆင်၊ ဂျနဲလ်တ်၊ တိုက်စစ်မှာ အမ်ဘူအမ်မို၊ ဝစ်ဆာ တို့ ပါဝင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ မစ်ချယ် အန်တိုနီယို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ လန်ဇီနီ၊ ဖော်နယ်စ်၊ ဘိုဝင်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ဇူးမား၊ ဒေါ်ဆန်၊ ခရက်စ်ဝဲလ်၊ ဆိုဖယ်၊ ဖေဘီယန်စကီး တို့ကို ပွဲထုတ်လာခဲ့ပါတယ်။
ယူရိုပါလိဂ် ကစားထားတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းက ဒီနေ့ပွဲမှာ တော်တော်လေး ပွဲပန်းနေပုံရပြီး ပွဲစကတည်းက လျော့ရဲတဲ့ ကစားပုံနဲ့ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ခံစစ်နဲ့ တိုက်စစ်ကို မျှမျှတတ ကစားပြီး ကွင်းလယ်က အဲရစ်ခ်ဆင်၊ နောဂတ် တို့ရဲ့ ဖန်တီးပေးပို့မှုတွေနဲ့ ဝက်စ်ဟမ်း နောက်တန်းကို တစ်ဆင့်ချင်း ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပထမပိုင်းမှာ အပြန်အလှန် ကစားနိုင်ခဲ့ကြပေမယ့် မိနစ် ၃၀ လောက်မှာ အဓိက ဗဟိုခံစစ်မှူး ဖြစ်တဲ့ ကတ် ဇူးမား ဒဏ်ရာရသွားလို့ ဒီယော့ပ်နဲ့ လူစားလဲခဲ့ရပြီး ဇူးမား မရှိတဲ့နောက် ဝက်စ်ဟမ်း နောက်တန်းက သိသိသာသာ ပြိုဆင်းသွားခဲ့လို့ ဘရန့်ဖို့ဒ်တို့ စိတ်ကြိုက် ထိုးဖောက်ခွင့်ရခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး မိနစ်ပိုင်း အကြာမှာပဲ ဘရန့်ဖို့ဒ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး အိုင်ဗန် တိုနေးရဲ့ အကွက်မြင်မြင် ချပေးလိုက်တဲ့ ဘောလုံးကို အမ်ဘူအမ်မိုက အလိုက်သင့် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ဝက်စ်ဟမ်းတို့ ဘန်ရားမားကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ကွင်းလယ် ကစားသမားတွေ ဘောလုံး အပေးအယူ လုပ်တာက အစ အလွဲအလွဲ အမှားမှား ဖြစ်နေလို့ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ၆၄ မိနစ် မှာတော့ ဝက်စ်ဟမ်း ခံစစ်ရဲ့ ပေါ့ဆမှု ကနေ ဘရန့်ဖို့ဒ် တို့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ အမ်ဘူအမ်မိုက ပံ့ပိုးပေးပြီး အိုင်ဗန် တိုနီက ခေါင်းတိုက်သွင်းဂိုးနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဂိုးထပ်မသွင်းနိုင်တော့လို့ ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်




ပြီးခဲ့တဲ့ ပွဲမှာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ် တို့ ဒီနေ့ပွဲမှာလည်း ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားပြီး ဝက်စ်ဟမ်းကို သက်တောင့်သက် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ခရစ္စတီယန် အဲရစ်ခ်ဆင် ပါဝင်လာချိန်ကစလို့ ဘရန့်ဖို့ဒ်တို့ ကစားအား အတင်အချ မှန်လာပြီး ဘောလုံး ဖြန့်ဝေမှု အပိုင်းရော၊ ခံစစ်နဲ့ တိုက်စစ် ချိတ်ဆက်မှု အပိုင်းတွေမှာ သိသိသာသာ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ အချိန်အတော်ကြာမှ ဘောလုံး ပြန်ကစားခဲ့ရပေမယ့် ကမ္ဘာ့အဆင့် ခြေစွမ်း တစ်ခုကို အလျင်အမြန် ပြန်လည် ရရှိခဲ့တဲ့ ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင် အဲရစ်ခ်ဆင် ကိုတော့ မဖြစ်မနေ ချီးကျူးရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ပွဲစဉ်တွေမှာ မြင်တွေ့ရတဲ့ ခြေစွမ်းအရ ဆိုရင် ဘရန့်ဖို့ဒ်တို့ နည်းပြ သောမက်စ်ဖရန်ခ်ရဲ့ နည်းစနစ် အောက်မှ စနစ်တကျ ကစားနိုင်ခဲ့ပြီး လက်ရှိ ခြေစွမ်းကိုသာ ထိန်းထားနိုင်ရင် အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ် ကိုပါ အာရုံစိုက်နေရလို့ ပွဲပန်းနေပုံရပြီး ဇူးမား ပါ ဒဏ်ရာရသွားခဲ့လို့ လိုင်ယွန်နဲ့ ဒုတိယအကျော့ ပွဲစဉ် အတွက် စိတ်ပူစရာ ဖြစ်သွားခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၄ နေရာ မျှော်လင့်ချက်လည်း ကုန်သလောက် ရှိသွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ဘရန့်ဖို့ဒ်တို့ လာမယ့် ဧပြီ ၁၆ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ ၁၅ ရက်နေ့မှာ လိုင်ယွန်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.