နော့ဝှစ်ချ်စီးတီး ၁-၃ ချဲလ်ဆီး
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ မှာတော့ ချဲလ်ဆီးတို့ နော့ဝှစ်ချ်စီးတီးကို ကာရိုးရုတ်ဒ် ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် အနေနဲ့ ဗြိတိန် အစိုးရရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ခံခဲ့ရပြီး ဂျာစီ စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီရဲ့ လက်တွဲဖြုတ်မယ့် အရေးနဲ့ပါ ရင်ဆိုင်နေရပေမယ့် တူချယ်ရဲ့ အသင်း ကတော့ လက်ရှိ အခြေနေတွေဟာ အသင်းရဲ့ ခြေစွမ်း အပေါ် လုံးဝ သက်ရောက်မှု မရှိဘူး ဆိုတာကို ဂိုးပြတ် နိုင်ပွဲနဲ့ သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ် ၃ ဦးထားတဲ့ ကစားကွက်ကို အခြေခံ ပွဲထွက်လာခဲ့ကြပြီး နော့ဝှစ်ချ်စီးတီးက ၃-၅-၂၊ ချဲလ်ဆီးက ၃-၄-၂-၁ ကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်စီးတီး ဘက်မှာ အဒမ် အီဒါ့ရ် ကလွဲလို့ လူစုံခဲ့ပြီး ပွတ်ကီ၊ ဆားဂျန့်၊ မီလူ၊ အာရွန်၊ နော်မန်၊ မက်ကလင်းန်၊ ဝီလီယမ်စ်၊ ဟန်လီ၊ ကာဘက်ခ်၊ ဇင်မာမန်၊ တင်မ်ကားလ် တို့ ပါဝင်လာခဲ့ကြပါတယ်။ ချဲလ်ဆီး ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေ တုန်းက လူစာရင်းကို အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး အထောင် တိုက်စစ်မှူး အဖြစ် ကိုင်ဟာဗက်ဇ်ကို ပွဲထွက်စေခဲ့သလို နောက်မှာတော့ တီမိုဗာနာနဲ့ မေဆန်မောင့်ကို ရံကစားစေခဲ့ပါတယ်။ တောင်ပံတွေမှာ အက်ဇ်ပီလီကျူအာတာ၊ ဆာအူးလ်၊ ကွင်းလယ်နဲ့ ခံစစ်မှာ ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ ခရစ္စတန်ဆန်၊ ဆေးလ်ဗား၊ ချာလို့ဘာ့၊ ဂိုးမှာတော့ မန်ဒီပဲ ပွဲထွက်ခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောကို ချာလို့ဘာ့ ခေါင်းတိုက် အဆုံးသတ်ခဲ့လို့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ ကစားကွက် အလျင်အမြန် အထိုင်ကျပြီး ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိခဲ့လို့ ၁၄ မိနစ်မှာ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ကိုင်ဟာဗက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ မေဆန်မောင့်က အားပါတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ချဲလ်ဆီးတို့ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ နော့ဝှစ်ချ် ဘက်က ရက်ပ်၊ ရက်ရှီကာတို့ ထည့်ပြီး တိုက်စစ် မြှင့်ခဲ့တာကြောင့် ပွဲက ပိုမြိုင်ခဲ့ပါတယ်။ ၆၉ မိနစ်မှာတော့ နော့ဝှစ်ချ်စီးတီးတို့ ချေပဂိုး ရသွားခဲ့ပြီး ဧရိယာထဲမှာ ချာလိုဘာ့ လက်ထိလို့ ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ပွတ်ကီက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တူချယ် အနေနဲ့ နော့ဝှစ်ချ် တို့ ကစားအား ကျလာချိန်မှာ ကန်တေ၊ လူကာကူ တို့ကို ထည့်ပြီး တိုက်စစ် ထပ်မြှင့်ခဲ့လို့ မိနစ် ၉၀ မှာ ချဲလ်ဆီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ကိုင်ဟာဗက်ဇ်က ကန်တေရဲ့ ပေးပို့မှု ကနေ ဂိုးသမား ကားလ်ရဲ့ ညာဘက် အပေါ်ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဟာဗက်ဇ် အနေနဲ့ အခုပွဲမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံး ၈ ပွဲမှာ သွင်းဂိုး ပတ်သတ်မှု ၈ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တူချယ် လက်ထက် ချဲလ်ဆီး အတွက် ဂိုးအများဆုံး သွင်းထားသူ ဖြစ်လာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။




ပွဲပြီးသုံးသပ်ချက်
ခြေစွမ်းပိုင်းအရတော့ အထွေအထူး ပြောစရာ မရှိပါဘူး။ အထောင်တိုက်စစ်မှူး တစ်ဦး လိုအပ်ချက် ရှိခဲ့တဲ့ တူချယ် အတွက် ကိုင်ဟာဗက်ဇ် ဂိုးတွေ သွင်းပေးနိုင်ခြင်းက စိတ်သက်သာရာ ရစေခဲ့ပြီလို့ပဲ ဆိုရပါမယ်။ အသင်းပိုင်ရှင် အေဗရာမိုဗစ် ဒဏ်ခတ် ပိတ်ဆို့ခံရလို့ အဘက်ဘက်က အကျပ်ရိုက်လာခဲ့သလို ပရီးမီးယားလိဂ်မှာ အထီးကျန်တဲ့ အသင်း ဖြစ်ဖို့ နီးလာခဲ့တဲ့ ချဲလ်ဆီး တို့ အတွက် နိုင်ပွဲတွေက ထွက်ပေါက် တစ်ခု ဖြစ်လာပုံ ရပါတယ်။ လက်တလော အသင်းကို ရောင်းချခွင့် မရသလို ကစားသမား ရောင်းချခွင့်၊ ခေါ်ယူခွင့်၊ လက်မှတ် ရောင်းချခွင့်၊ ကုန်ပစ္စည်းရောင်းချခွင့် အားလုံး ပိတ်ခံထားရတဲ့ ချဲလ်ဆီးတို့ အချိန် ဘယ်လောက် ကြာမှန်းမသိတဲ့ အဆိုးဆုံး အခြေအနေတွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို အခြေအနေတွေကြောင့် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနိုင်မယ် ထင်ရပေမယ့် တူချယ်တို့ အုပ်စု ကတော့ ထင်သလောက် စိတ်ဓာတ် မပျော့ညံ့ဘူး ဆိုတာ နိုင်ပွဲတွေနဲ့ သက်သေပြနေခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် ချဲလ်ဆီးတို့ ရမှတ် ၅၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး နော့ဝှစ်ချ်စီးတီး ကတော့ ဇယား အောက်ဆုံးမှာ ဆက်ရှိနေခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ချဲလ်ဆီးတို့ မတ်လ ၁၃ ရက်နေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး နော့ဝှစ်ချ်စီးတီး ကတော့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.